ဦးမျိုးမင်းထွန်းကို ယာယီနည်းပြချုပ်အဖြစ် တာဝန်ပေးထားပြီး ကစားသမားတွေကို နာမည်နဲ့ ရွေးချယ်ထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်(တိုင်ပေ)အသင်းနဲ့ နိုင်ငံတကာ ခြေစမ်းပွဲကစားမယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဦးမျိုးမင်းထွန်းက မနက်ဖြန်ကစားမယ့်မြန်မာ့လက်ရွေးစင်အသင်းကို အရင်လို ကန်တင်ပြေး ကစားတဲ့ပုံစံ မဟုတ်တဲ့ အသင်းအနေနဲ့ တွေ့မြင်ရမယ်လို့ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“အရင်လို ကန်တင်ပြေး မဟုတ်ပဲ ဘောလုံးကို ဘယ်လို ကစားရမယ်ဆိုတာကို ပြသသွားမှာပါ။ လူရွေးချယ်မှုကိုလည်း နာမည်ကိုကြည့်ပြီး မရွေးထားပါဘူး” လို့ ဦးမျိုးမင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။မြန်မာ့လက်ရွေးစင်အသင်းကို မတ်လထဲမှာ ကစားမယ့် ခြေစမ်းပွဲ ၂ ပွဲအတွက် အပြီးသတ် ကစားသမား ၂၅ ဦးနဲ့ ဖွဲ့စည်းထားပြီး မြန်မာနေရှင်နယ်လိဂ်က ခြေစွမ်းပြသနေတဲ့ ကစားသမားအများစုကို ရွေးချယ်ထားတာ တွေ့ရပါတယ်။ နည်းပြချုပ်အဖြစ်လည်း ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်းကို ယာယီတာဝန်ယူထားစေပြီး လူရွေးချယ်မှုကို စိတ်ကြိုက်ပြုလုပ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။
ထိုင်းလိဂ်မှာ ကစားနေတဲ့ ကစားသမား ၆ ဦးထဲက ချွန်ဘူရီမှ ဇော်မင်းထွန်း၊ မြောင်တောင်မှ အောင်သူတို့ ၂ ဦးကိုသာ ရွေးချယ်ထားတာလည်း တွေ့ရပါတယ်။ မနက်ဖြန် ညနေ ၆ နာရီမှာ တရုတ်(တိုင်ပေ)နဲ့ ကစားမှာ ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့မှာ အင်ဒိုနီးရှားအသင်းနဲ့ ဆက်လက်ခြေစမ်းကစားပါမယ်။