တိုကျိုအိုလံပစ် ‌ခြေစစ်ပွဲနောက်ဆုံးအဆင့် ကစားဖို့ရှိပါတယ်။
Kyaw Ko Ko Sint

ဆန်ခါတင် ၁၀ ဦးရွေးချယ်ထားနိုင်ပြီလို့သိရပြီး မကြာခင်ရက်ပိုင်းအတွင်း နည်းစနစ်ကော်မတီရဲ့ ဆုံးဖြတ်ချက် ရယူအပြီး ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

လစ်လပ်နေတဲ့ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအတွက် နည်းပြချုပ်အသစ်တစ်ဦးကို ရှာဖွေ လျက်ရှိရာမှာ လက်ရှိမှာတော့ ဆန်ခါတင် ၁၀ ဦး ရွေးချယ်ထားနိုင်ပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆီးဂိမ်းအပြီးမှာ နည်းပြချုပ် ဦးဝင်းသူမိုးနဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ နည်းပြသစ်တစ်ဦး ရှာဖွေနေတာ ဖြစ်ပြီး နိုင်ငံခြားသား နည်းပြတစ်ဦးကို အစားထိုးခန့်အပ်မှာပါ။



မူလက နည်းပြဟောင်းနယ်သာလန်လူမျိုး ရော်ဂျာကို ပြန်လည်ဆက်သွယ်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် လက်ရှိမှာတော့ ဆန်ခါတင်စာရင်းမှာ အပြီးသတ် ၁၀ ဦးကို ရွေးချယ်ထားရာမှာ နာမည်ကြီဂ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လက်ထောက်နည်းပြတစ်ဦး အပါအဝင် ဥရောပက ပြင်သစ်၊ဆားဘီးယားအစရှိတဲ့ နိုင်ငံ တွေက နည်းပြတွေလည်း ပါဝင်နေတယ်လို့ သိရတာပါ။

“ကျွန်တော်တို့နည်းပြဟောင်းရော်ဂျာကို အရင်ချိတ်ဆက်ပေမယ့် သူက ၅ လပိုင်းမှာ လာရောက်နိုင်မယ်ဆိုလို့ အဆင်မပြေပါဘူး။လက်ရှိမှာတော့ လျှောက်လွှာခေါ်ယူခဲ့ချိန်မှာ အယောက်၁၀၀ လောက်လျှောက်ကြပြီး ဒီအထဲ မှာမှ ဆန်ခါတင် ၁၀ ဦးကို ရွေးချယ်ထားပါပြီ။မကြာခင်ရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးပါ့ မယ်။”လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

အခု ဆန်ခါတင် ၁၀ ဦးစာရင်းမှာ မြန်မာနိုင်ငံကို လူမှုရေး ပရိုဂရမ်နဲ့ လာရောက်ခဲ့တဲ့ အမေရိကန်လူမျိုး အမျိုးသမီး နည်းပြတစ်ဦးလည်း ပါဝင်နေတယ်လို့ သိရပါသေးတယ်။

မြန်မာအမျိုးသမီးအသင်းကတော့ လာမယ့် ဇန်နဝါရီလ ၂၅ နဲ့ ၂၈ ရက်နေ့တွေမှာထိုင်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိပြီး ဒီပွဲစဥ် နှစ်ပွဲစလုံးကိုတော့ မန္တလေးမှာ ယှဥ်ပြိုင်ကစားစေမှာပါ။

ဆက်လက်ပြီး ဖေဖော်ဝါရီလ ၃ ရက်ကနေ ၉ ရက်အထိ တောင်ကိုရီးယားနိုင်ငံမှာ အိုလံပစ်ခြေစစ်ပွဲ နောက်ဆုံး အဆင့်ကို ကစားဖို့ရှိသေးပြီး ဗီယက်နမ်၊တောင်ကိုရီးယားအသင်းတွေနဲ့ ကစားရမှာဖြစ်ကာ ဒီပွဲတွေကိုတော့ ဦးတင်မြင့်အောင် ဦးဆောင်တဲ့ နည်းပြအဖွဲ့နဲ့ ယှဥ်ပြိုင်စေမှာလို့လည်း သိရပါတယ်။


Author


က္က