နီပေါ၊တာဂျစ်ကစ္စတန်၊မွန်ဂိုလီးယားတို့နဲ့ ကစားရပါမယ်။

ရာဂျူလိုဗစ်လက်ထက်မှာ အသုံးပြုခဲ့တဲ့ ကစားသမားစာရင်းထဲက ၉ ဦးလောက်ထိ အပြောင်းအလဲ ပြုလုပ် ခဲ့တာတွေ့ရပါတယ်။

နီပေါနဲ့ ခြေစမ်းပွဲအပါအဝင် တာဂျစ်ကစ္စတန်၊မွန်ဂိုလီးယားတို့နဲ့ ကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ အတွက် အပြီးသတ် ၂၄ယောက်စာရင်းကို နည်းပြချုပ် အန်တိုနီဟေးက ထုတ်ပြန်ခဲ့ရာမှာတော့ ကစားသမား များစွာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ဂိုးသမားနေရာမှာ ကာဂျစ်နဲ့ပွဲတုန်းက လူစာရင်းချန်လှပ်ခံခဲ့ ရတဲ့ ကျော်ဇင်ထက် ပြန်ပါလာသလို၊ရန်နိုင်ဦး၊ငြိမ်းချမ်းအောင်၊မျိုးကိုထွန်း၊တင်ဝင်းအောင် အစရှိတဲ့ ရာဂျူလိုဗစ် လက်ထက်က လုံးဝမပါဝင်ခဲ့တဲ့ ကစားသမားတွေ ပြန်လည်ပါဝင်လာတာတွေ့ရပါတယ်။

ရှေ့တန်းမှာဆိုရင်လည်း ရာဂျူလိုဗစ်လက်ထက်က ချန်လှပ်ခဲ့တဲ့ ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်း တိုက်စစ်မှူး သန်းထက်အောင်ကို ပြန်လည်ခေါ်ယူထားပါသေးတယ်။

အလားတူ ရာဂျူလိုဗစ်က လက်ထက်က အသုံးပြုခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ဂိုးသမားပြည့်ဖြိုးအောင်၊နောက် ခံလူ စိုးမိုးကျော်၊ဇော်လင်း၊ကွင်းလယ်က ရန်အောင်ကျော်၊ကြည်လင်း၊လွင်မိုးအောင်၊စည်သူအောင်တို့နဲ့ ရှေ့ တန်းက ကောင်းစည်သူ၊ဒွေးကိုကိုချစ်တို့ကို ပြန်လည်ချန်လှပ်ခဲ့တာတွေ့ရပါတယ်။

နည်းပြ နှစ်ဦးရဲ့ လူရွေးချယ်မှုပုံစံကိုကြည့်မယ်ဆိုရင် ရာဂျူလိုဗစ်တုန်းက အသုံးပြုခဲ့တဲ့ သက်ကြီး ကစားသမား အချို့ကို အန်တိုနီဟေးက ဆက်လက်အသုံးမပြုတော့ပဲ ကွင်းလယ်ပိုင်းမှာ ပိုမို ငယ်ရွယ်တဲ့ ကစားသမားတွေ ကိုအစားထိုးရွေးချယ်လာတာတွေ့ရပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းအောင်၊မျိုးကိုထွန်းနဲ့တင်ဝင်းအောင်တို့က လက်ရွေးစင်နဲ့ အနည်းငယ် ကာလတစ်ခု ဝေးကွာ နေသလို ဒဏ်ရာက ပြန်လည်သက်သာလာသူတွေလည်းဖြစ်လို့ ကွင်းလယ်ပိုင်း စိုးမိုးနိုင်မှုအပေါ်မှာတော့ အနည်းငယ် သံသယဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

အန်တိုနီဟေးလက်ထက်မှာတော့ ထိုင်းလိဂ်မှာကစားနေသူ ၄ဦးစလုံး ပါဝင်လာပေမယ့် စည်သူအောင်ကို ချန်လှပ်ခဲ့တာကတော့ ဒဏ်ရာကြောင့်လား၊နည်းစနစ်ကြောင့်လား မေးခွန်းထုတ်ရဖို့ ရှိနေပါတယ်။

ရာဂျူလိုဗစ်လက်ထက်က ဆီးဂိမ်းကစားမယ့်အသင်းမှာ အသက်မီလျက်နဲ့ လက်ရွေးစင်အသင်းအတွက် ခေါ်ယူခြင်းခံထားရတဲ့ကွင်းလယ်လူ လွင်မိုးအောင်ကိုလည်း အန်တိုနီဟေးက အသုံးမပြုတော့ပဲ ယူ-၂၂ ကို ပြန်ပေးလိုက်တာ တွေ့ရပါတယ်။

လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူစာရင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ၂၀၁၈ ဆူဇူကီးတုန်းက နည်းပြအန်တိုနီဟေးရဲ့ မြန်မာ့လက်ရွေးစင်အသင်း ပထမအကြိမ် နည်းပြသက်တမ်းမှာ ခေါ်ယူခဲ့တဲ့ ကစားသမား အများစုကို ပြန်လည်အခြေခံခေါ်ယူထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။



က္က