ုဒီနေ့မှာ ကစားရမယ့် ၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲဖြစ်တဲ့ ဗီယက်နမ် နဲ့ ဂျပန်တို့ရဲ့ ပွဲကို ကြည့်ရှုအားပေးဖို့အတွက် ဗီယက်နမ်ပရိသတ်တွေဟာ ယူအေအီးကို သွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနေ့ည (ရး၃၀)နာရီမှာ ကစားကြမှာဖြစ်ပြီး ဗီယက်နမ်အသင်း ပရိသတ်တွေက အသင်းအတွက် အထောက်အကူဖြစ်စေဖို့ ဗီယက်နမ်ကနေ ယူအေအီးကို လေကြောင်းခရီးနဲ့ သွားရောက်အားပေးကြတာ ဖြစ်ပါတယ်။
vietnamnews.vs ရဲ့ ဖော်ပြချက်အရ ဒီခရီးစဉ်ကို Vietravel ၊ HanoiREdtours နဲ့ Saigontourist တို့က စီစဉ်ပေးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ပြီး ဗီယက်နမ်လေကြောင်းလိုင်း (VNA) ကပါ အားဖြည့်ပေးခဲ့ကာ ဟနွိုင်း-ယူအေအီး ၊ ဟိုချီမင်းစီးတီး - ယူအေအီး အစရှိတဲ့ ခရီးစဉ် (၂)ခုကို ဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။
ဒီခရီးစဉ်အတွက် ဗီယက်နမ်ဒေါင် (၂၈)သန်း ကုန်ကျမှာဖြစ်ပြီး အမေရိကန်ဒေါ်လာအားဖြင့် ဒေါ်လာ (၁၂၀၀)ခန့် ကျသင့်ခဲ့တယ်လို့ သိရပြီး ဘောလုံးပွဲကြည့်ရှုဖို့ လက်မှတ်နဲ့ ဒူဘိုင်းကို လည်ပတ်မယ့် အစီအစဉ်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။ ဂျော်ဒန်အသင်းနဲ့ ကစားခဲ့တဲ့ ရှုံးထွက်ပွဲစဉ်မှာ ဗီယက်နမ်ပရိသတ် (၂)ထောင်ခန့် အားပေးခဲ့ကြပြီး ဒူဘိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ဗီယက်နမ်လူမျိုးတွေ ဖြစ်တယ်လို့လည်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
"ဒါက အရမ်းကြီး တန်ဖိုးကျသင့်တာမျိုး မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပရိသတ် (၃၀၀)ခန့်လောက်ကို ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်၊ ဗီယက်နမ်နည်းပြ ပတ်ဟန်ဆိုးရဲ့ ဇနီးကိုလည်း ကျွန်တော်တို့ ဖိတ်ခေါ်ခဲ့ပြီး သူလည်း ယူအေအီးကို လိုက်ပါမှာပါ" လို့ Vietravel ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ငုယင်ကွီကိုင်က ပြောကြားခဲ့ပါတယ်။
ဂျပန်အသင်းကတော့ ဆော်ဒီအသင်းကို ၁-၀ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အပေါ်မှာ အာဆီယံဒေသတွင်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်နေခဲ့ပြီး ဗီယက်နမ်အနေနဲ့ ဂျပန်အသင်းကို ကျော်ဖြတ်ပြနိုင်မလားဆိုတာကို အားလုံးက စိတ်ဝင်စားနေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ ဗီယက်နမ် နဲ့ ဂျပန်တို့ အုပ်စုတွင်း တွေ့ဆုံခဲ့စဉ်ကတော့ ဗီယက်နမ်က ဂျပန်ကို အနိုင်ရရှိထားခဲ့ပါတယ်။