ဆူဇူကီး အုပ်စုတုန်းက ထိပ်တိုက်တွေ့ဆုံခဲ့ပေမယ့် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ထားခဲ့ကြပြီး လက်ရှိမှာတော့ သူတို့နှစ်ဦး တစ်သင်းတည်းမှာ ကစားကြတော့မှာပါ။
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကတော့ ထိုင်းလိဂ်(၁)ကလပ် မြောင်တောင်ယူနိုက်တက်အသင်းကို ဒီနှစ်မှာ Police Tero အသင်းကနေ တဆင့် ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။
အောင်သူက မြောင်တောင်အသင်းမှာ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ကစားမှာ ဖြစ်ပြီး ဒီကျောနံပါတ်ဟာ မူလ အသင်းမှာရှိနေတဲ့ ဆူဇူကီးပြိုင်ပွဲဝင် ထိုင်းလက်ရွေးစင်အသင်းတိုက်စစ်မှူး အဒီဆစ် ဝတ်ဆင်ခဲ့တဲ့ ဂျာစီ လည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြောင်တောင်ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ပြင်ဆင်မှု တစ်ရပ်အဖြစ် နောက်ထပ် အာဆီယ့ဒေသတွင်းက ကစားသမားခေါ်ယူမှု တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
သူကတော့ ဗီယက်နမ် လက်ရွေးစင် ဂိုးသမား ဒန်ဗန်လန်းဖြစ်ပြီး ဗီလိဂ်ကလပ် Hai Phong FC နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် မြောင်တောင်အသင်းကို ရောက်လာတာ ဖြစ်ပါတယ်။
မြောင်တောင်အသင်းကတော့ တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမယ့် Fox Sports သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ အပြောင်းအရွှေ့ဟာ အောင်မြင်စွာ ပြီးဆုံးခဲ့နှင့်ပြီလို့ သိရပါတယ်။
ဒါကြောင့် အောင်သူကတော့ ဆူဇူကီးတုန်းက အုပ်စုတွင်း အဓိကပြိုင်ဖက် ဗီယက်နမ်အသင်းရဲ့ လက်ရွေးစင် ဂိုးသမားနဲ့ ပထမဆုံးအကြိမ် အသင်းတစ်သင်းမှာ တွဲဖက်ကစားရတော့မှာပါ။
အောင်သူနဲ့ ဒန်ဗန်လန်းတို့ကြားမှာတော့ ဆက်ဆံရေးကောင်းတစ်ခုရှိနေတယ်လို့ဆိုရမှာ ဖြစ်ပါတယ်၊ အကြောင်းကတော့ အုပ်စုတွင်းတုန်းက မြန်မာအသင်းရဲ့ အိမ်ကွင်းမှာ လာရောက်ကစားစဉ် ဂိုးမရှိသရေ ကျထားတာကြောင့် တစ်ဦးနဲ့ တစ်ဦးကြား အသာစီးရယူထားနိုင်ခြင်းမရှိတာလည်း ဖြစ်ပါတယ်။