ရတနာပုံကစားသမားတွေအနေနဲ့ ကွင်းအတွင်းမှာ ရန်လိုမှုတွေများပြားနေတယ်လို့ ဝေဖန်ခံနေရမှုတွေ ရှိနေခဲ့တာဖြစ်ပြီး ဒီနေ့ပွဲမှာလည်း ကြမ်းတမ်းစွာကစားမှုတွေရှိခဲ့ပါတယ်။
မိမိအနေနဲ့ ကစားသမားတွေကို လူချကစားခြင်းမပြုလုပ်ဖို့ မှာကြားထားပေမယ့်လည်း ကစားသမားတွေအနေနဲ့ ပွဲပန်းလာမှု၊ စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေကြောင့် ပွဲချိန်အတွင်း ကြမ်းကြမ်းတမ်းတမ်းကစားမှုတွေဖြစ်နေရတယ်လို့ ရတနာပုံနည်းပြချုပ်ဦးအောင်ကျော်မိုးက ဧရာဝတီကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ရတနာပုံကစားသမားတွေအပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ရာမှာတော့ "ကျွန်တော့်ကစားသမားတွေကြိုးစားကြပါတယ်၊ ဒီနေ့ဆို မယှဉ်နိုင်တဲ့အားနဲ့ကစားခဲ့တာပါ၊ အောင်ဝဏ္ဏစိုးဆိုရင် နိုင်ငံခြားသားတိုက်စစ်မှူးကို တစ်ချိန်လုံးလိုက်ထိန်းနေရတယ်၊ အဲဒီမှာ ပင်ပန်းလာတယ်၊ ပင်ပန်းလာတဲ့အချိန်မှာ သူတို့ထွက်ပေါက်ပေါ့၊ ဒါက အခုမှမဟုတ်ပါဘူး၊ လက်ရွေးစင်အသင်းတွေမှာလည်း ဖြစ်နေတာပါ"
"ဘောလုံးမှာကောင်းတယ်၊ ကြိုးပမ်းမှုကောင်းတယ်၊ ဖြစ်နေတာက စိတ်ပိုင်းဆိုင်ရာက အားကုန်သုံးတဲ့အချိန်မှာ နောက်ဆုံးအလုပ်ဆိုပြီး လုပ်ပစ်လိုက်တာ၊ အဲဒီဟာကို ကျွန်တော်တို့ အဓိကပြင်ရမှာပါ၊ လက်ရွေးစင်မှာဆိုရင်လည်းမကောင်းပါဘူး၊ ကျွန်တော်အဓိကမှာတာက ဘောလုံးပဲကစားပါ၊ လူမလုပ်ပါနဲ့၊ ဒါပေမယ့် သူတို့စိတ်တစ်ချက်လွတ်သွားချိန်မှာ အခုလိုတွေဖြစ်သွားတော့တာပဲ၊ ဒါကို ပြင်ဖို့က အရေးအကြီးဆုံးအချက်ပဲဖြစ်ပါတယ်" လို့ ဦးအောင်ကျော်မိုးက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။