လာမယ့် ရက်ပိုင်းအတွင်းပို့ဆောင်စစ်ဆေးသွားစေမှာလို့ သိရပါတယ်။
Kyaw Ko Ko Sint

ဒူးဒဏ်ရာမသက်သာလို့ ကစားသမားဘဝက အနားယူခဲ့ရခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ကျော်မင်းဦးကို ဘောလုံးပြန်ကစားဖို့ စည်းရုံးနေတယ်လို့ MFF ဥက္ကဌ ဦးဇော်ဇော်က ပြောထားပါတယ်။


ဒူးဒဏ်ရာမသက်သာလို့ ကစားသမားဘဝက အနားယူသွားခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းကျော် မင်းဦးရဲ့ ဆေးကုသခဲ့မှု မှတ်တမ်းဖိုင်ကို ဂျပန်ဘောလုံးအဖွဲ့ချုပ် ဆေးဌာနကို ပေးပို့စစ်ဆေးမှုများ ပြုလုပ်သွားစေမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။



မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ရဲ့ လမ်းညွှန်ချက်နဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်ကိုဆက်သွယ်ပြီး အခုလို ပေးပို့စစ်ဆေးစေမှာ ဖြစ်တယ်လို့လည်း ဦးကိုကိုသိန်းက ဆိုပါတယ်။

“ ဥက္ကဌရဲ့ လမ်းညွှန်ချက်နဲ့ ကျော်မင်းဦးကိစ္စကို ပြန်လည်စိစစ်ဖို့ ဆေးဌာနကို ညွှန်ကြားထားပါတယ်။ ကျော်မင်းဦး ဆေးကုသခဲ့တဲ့ မှတ်တမ်းဖိုင်တွေကို ပြန်လည်စိစစ်ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ် ဆေးဌာနကို ပေးပို့ပြီး စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။” လို့ ဦးကိုကိုသိန်းက Duwun Sports ကို ပြောပါတယ်။

ကျော်မင်းဦးအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီး Police Tero အသင်းမှာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို အကြောကျွမ်းကျင်ပညာရှင်နဲ့အတူ လအတအတန်ကြာ ကုသမှုခံယူခဲ့ပေမယ့်လည်း ဒူးဒဏ်ရာက ပြန်မကောင်းလာတဲ့အတွက် ကစားသမားဘဝက အနားယူခဲ့ပြီလို့သူ့ရဲ့ ကိုယ်ပိုင် လူမှုစာမျက်နှာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရေးသားဖော်ပြခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ခွဲစိတ်ကုသနိုင်ဖို့ ဦးဇော်ဇော်က အကုန်ကျခံခဲ့တာဖြစ်ပြီး အခုလို ဒဏ်ရာမသက်သာလို့ အကစားသမားဘဝကနေ အနားယူပြီလို့ သတင်းထွက်လာချိန်မှာလည်း ဦးဇော်ဇော်အနေနဲ့ ကျော်မင်းဦးကို ပြန်လည် စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ကာယကံရှင်က အဖွဲ့ချုပ်ကို လာပြီး ဆက်သွယ်စေချင်တယ်။ ကျွန်တော်တို့ဖက်က လုပ်နေတဲ့အပိုင်းက ဆေးဌာနနဲ့ တိုင်ပင်စေချင်တယ်။ အဖွဲ့ချုပ်ဖက်က ကစားသမားဖက်က ဆက်သွယ်လာပြီဆိုရင် ပံ့ပိုးပေးဖို့ အဆင်သင့်ပဲ ကစားသမားအနေနဲ့ စိတ်ဓာတ်မကျဖို့ ပြောချင်တယ်။ ပြန်လည်ကြံ့ခိုင်မှုကိုတော့ ကစားသမားကိုယ်တိုင်ကပဲ လုပ်မှရမှာပါ။ နောက်ပြီး ကျော်မင်းဦးရဲ့ ဆေးကုသမှုမှတ်တမ်းတွေကိုလည်း ဂျပန်ကို ရက်ပိုင်းအတွင်း ပို့သွားမှာပါ။ ခွဲစိတ်ဖို့ လိုလာရင်လည်း ခွဲစိတ်ပေးမှာပါ။” လို့ ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။

ကျော်မင်းဦးအပါအဝင် ငြိမ်းချမ်းအောင်ရဲ့ ဆေးကုသမှု မှတ်တမ်းဖိုင်ကိုလည်း ဂျပန်ကို တပါတည်း ပို့ဆောင်စစ်ဆေးမှု ပြုလုပ်စေမှာလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က