ဒူးဒဏ်ရာပြန်မကောင်းလို့ စိတ်ဓာတ်ကျပြီး ဘောလုံးလောကက အနားယူသွားတာပါ။
Kyaw Ko Ko Sint

အသက် ၂၃ နှစ်အရွယ်မှာ ဒူးဒဏ်ရာမသက်သာလို့ စိတ်ဓာတ်ကျပြီး ဘောလုံးလောကက အနားယူပြီလို့ ကြေညာခဲ့တဲ့ ကျော်မင်းဦးတစ်ယောက် ဘောလုံးပြန်ကစားဖို့ ဦးဇော်ဇော်က စည်းရုံးနေတာပါ။

ဘောာလုံးလောကကနေ အနားယူခဲ့ပြီလို့ ထုတ်ဖော်ပြောခဲ့တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ကျော်မင်းဦးကို ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်လာဖို့ စည်းရုံးနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပြောခဲ့ပါတယ်။



ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ 100 PLUS အချိုရည်တို့ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်း အနားအပြီးမှာ DuwunSportsက ဦးဇော်ဇော်ကို မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာပါ။

“ ကျွန်တော် ပြန်စည်းရုံးနေပါတယ်။” လို့ ဦးဇော်ဇော်က ပြောခဲ့တာဖြစ်ပါတယ်။ ကျော်မင်းဦးက ဒူးဒဏ်ရာကြောင့် ထိုင်းနိုင်ငံမှာ ခွဲစိတ်ကုသမှု ခံယူပြီး လေ့ကျင့်ခန်းတွေကိုလည်း Police Tero အသင်းနဲ့ ပြုလုပ်နေခဲ့တာပါ။ ဒါပေမယ့်လည်း ဒူးဒဏ်ရာက မသက်သာလို့ ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ကျော် မင်းဦးက DuwunSports ကို ပြောခဲ့ပါတယ်။

“ ကျော်မင်းဦးနဲ့ ကျွန်တော်တို့ အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ကျွန်တော်တို့ ဆက်သွယ် စည်းရုံးနေပါ တယ်။ သူ့ဒဏ်ရာက လုံး၀ ကုသလို့မရတော့တာမျိုး မဟုတ်ပါဘူး၊ဒါပေမယ့် ခွဲစိတ်ပြီးတဲ့အခါမှာ ပြန်လည် သန်စွမ်းအောင်လုပ်တဲ့အပိုင်းမှာ အားနည်းတဲ့အခါကျတော့ သူစိတ်ဓာတ်ကျတဲ့ အပိုင်းလေးတွေရှိမှာပါ။ ကျွန်တော်တို့ကတော့ပြန်စည်းရုံးနေပါတယ်။” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုုပ် အမှုဆောင် အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

ကျော်မင်းဦး ဘောလုံးလောကက အနားယူပြီဆိုတဲ့ အပေါ် မြန်မာဘောလုံးပရိသတ်ထုကြီး တစ်ရပ်လုံး စိတ်မကောင်းဖြစ်နေကြပြီး ကစားသမားအနေနဲ့ အနားယူချိန်မှာ အသက် ၂၃ နှစ်ဝန်းကျင်သာ ရှိသေးတာ လည်း ဖြစ်ပါတယ်။

ကျော်မင်းဦးဟာ ယူ-၂၀ ကမ္ဘာ့ဖလားနဲ့အတူ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် လူသိများလာတဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ဧရာဝတီ၊ရန်ကုန်ယူနိုက်တက် အသင်းတို့မှာ ကစားခဲ့ပါတယ်။


Author


က္က