ဒူးဒဏ်ရာကြောင့် ကစားသမားဘဝက အနားယူခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကျော်မင်းဦးရဲ့ဒူးဒဏ်ရာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က စရိတ်အကုန်အကျခံကုသပေးမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့နီးစပ်တဲ့အသိုင်းအဝန်းက ပြောခွင့်ရှိသူတစ်ဦးက Duwun Sports ကို အတည်ပြုပြောကြားပါတယ်။
ဒူးဒဏ်ရာကြောင့် အနားယူနေရပြီးနောက်မှာ ဆေးဝါးကုသမှုခံယူခြင်းမရှိတော့ပဲ ဘောလုံးလောကကို စွန့်ခွာခဲ့တဲ့ လက်ရွေးစင်ဟောင်း ကျော်မင်းဦးအတွက် မြန်မာဘောလုံးပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ကျော်မင်းဦးရဲ့သတင်းကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ဧပြီ ၁ရက်က၊ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ကျော်မင်းဦးရဲ့မိသားစုနဲ့တွေ့ဆုံဆွေးနွေးပြီး ဆေးဝါးကုသမှုကုန်ကျစရိတ်ကိုကျခံပေးမယ်လို့သိရပါတယ်။ ကျော်မင်းဦးရဲ့ဒဏ်ရာဆေးဝါးကုသမှုမှတ်တမ်းကို ဂျပန်နိုင်ငံကို ပို့ဆောင်စစ်ဆေးပြီးနောက်မှာ အခြေအနေကောင်းမွန်တဲ့အတွက် ထိုင်းနိုင်ငံမှာ ကုသမှုခံယူဖို့ ဦးဇော်ဇော်က စီစဉ်ပေးခဲ့တာပါ။
ဆေးကုသမှုမခံယူမီနဲ့ ခံယူနေစဉ်ကာလအတွင်းမှာလည်း ကျော်မင်းဦးရဲ့နေထိုင်စရိတ်၊ ဆေးကုသစရိတ်အားလုံးအပြင် တစ်လ ကျပ် ၁၀သိန်းကိုလည်း ဦးဇော်ဇော်က စရိတ်ထောက်ပံ့ပေးမယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့နီးစပ်တဲ့ အသိုင်းအဝန်းကပြောခွင့်ရှိသူတစ်ဦးက Duwun Sports ကို အတည်ပြုပြောကြားခဲ့ပါတယ်။ ကျော်မင်းဦးရဲ့ဒူးဒဏ်ရာအခြေအနေဟာ စနစ်တကျပြန်လည်ကုသမယ်ဆိုရင် ကောင်းမွန်လာနိုင်ပြီး ပရော်ဖက်ရှင်ကစားသမားအဖြစ် ပြန်လည် ကစားနိုင်မှာဖြစ်ပါတယ်။
ကျော်မင်းဦးလိုပဲ ဒူးဒဏ်ရာရရှိခဲ့တဲ့ မြန်မာ့လက်ရွေးင်ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်ကိုလည်း ဦးဇော်ဇော်က စရိတ်စိုက်ထုတ်ကုသပေးခဲ့ဖူးပြီး ကျပ်သိန်း ၂၅၀၀လောက်ကုန်ကျခဲ့တယ်လို့သိရပါတယ်။ ကျော်မင်းဦးဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး ဒဏ်ရာပြန်လည်သက်သာလာခဲ့ရင် ရတနာပုံအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။