လေးဦးစလုံးကို ထိုင်းနိုင်ငံ ဘန်ကောက်ကို ပို့ဆောင်ပေးသွားမှာ ဖြစ်ပြီး ခွဲစိတ်ကုသရမယ့်သူက ခွဲစိတ် ကုသစေမှာ ဖြစ်ပြီး ကြံ့ခိုင်မှု လုပ်ရမယ့်သူက ကြံ့ခိုင်မှု လုပ်ရမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒဏ်ရာတွေ ကိုယ်စီ ရရှိနေကြတဲ့ ကျော်မင်းဦး၊ငြိမ်းချမ်းအောင်၊မျိုးကို ထွန်းနဲ့ဇေယျာနိုင်တို့ ၄ ဦးကို ဘန်ကောက်ကို ပို့ဆောင်ပြီး ဆေးကုသမှု ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Duwun Sports ကိုပြောပါတယ်။
“ အဖွဲ့ချုပ်အနေနဲ့ ကျော်မင်းဦး၊ငြိမ်းချမ်းအောင်၊မျိုးကိုထွန်းနဲ့ ဇေယျာနိုင်တို့ ၄ ဦးကို ဘန်ကောက်မှာ ဆေးကု သနိုင်စေဖို့ ဒီကနေ့ပဲ ပတ်စ်ပို့ ရရှိရေး ဆောင်ရွက်နေပါတယ်၊ လာမယ့် သင်္ကြန်အပြီး ၁၈၊ ၁၉ လောက် သွားနိုင် မယ်လို့ ထင်ပါတယ်၊ ဟိုမှာ ဆရာဝန်တွေနဲ့လည်း ကြိုတင် ရက်ချိန်းယူထားတာ ရှိတာကြောင့်ပါ၊ ကျော်မင်းဦး ရဲ့ MRI ရိုက်ထားတဲ့ အဖြေလည်း ထွက်လာပါပြီ၊ သူနားထားတာကလည်း နည်းနည်း ကြာသွားတော့ တော် တော်လေးတော့ပြန်လုပ်ယူရမယ်၊ ဟိုကျရင်တော့ ခွဲရမယ့်သူကခွဲပေါ့၊ ကြံ့ခိုင်ရေး လုပ်ရ မယ့်သူက လုပ်ပေါ့” ဆိုပြီး ဦးကိုကိုသိန်းက ပြောပါတယ်။
ကျော်မင်းဦးအနေနဲ့ ဒူးဒဏ်ရာ ရထားပြီး ထိုင်းမှာ ပထမအကြိမ် သွားရောက်ခွဲစိတ်ကုသရာမှာတော့ မသက်သာ တာကြောင့် ကစားဘဝက အနားယူပြီလို့ ကြေညာထားခဲ့ပါတယ်။ ဒီအခြေအနေပေါ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ကျော်မင်းဦးရဲ့ ဆေးစစ်မှု မှတ်တမ်း ဖိုင်ကို ဂျပန်သို့ ပို့ဆောင် စစ်ဆေးစေပြီးအခြေအနေကို သိရှိစေပြီးနောက် ဒုတိယအကြိမ် ဘန်ကောက်ကို ထပ် မံ စေလွှတ်ကုသစေမှာ ဖြစ်ပါတယ်။
ကျော်မင်းဦးနည်းတူ ငြိမ်းချမ်းအောင်ကလည်း ဒူးဒဏ်ရာရခဲ့တာ ဆိုပေမယ့် ပြန်သက်သာလာလို့ ပြီးခဲ့တဲ့ မြန်မာ့ လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေမှာတောင် ပြန်လည်ပါဝင်ကစားနေနိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကြံံ့ခိုင်မှုအပိုင်း ပိုမို သန်မာလာစေဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှာ လိုအပ်တဲ့ ကြံ့ခိုင် မှု လေ့ကျင့်ခန်းတွေ ပြုလုပ်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခြားသော ကစားသမားတွေ ဖြစ်တဲ့ မကွေးက ဇေယျာနိုင်နဲ့ ရတနာပုံက မျိုးကိုထွန်းတို့ကိုလည်း တပါတည်း ထိုင်းနိုင်ငံမှာ သွားရောက် နေထိုင် ကုသစေမှာ ဖြစ်တယ်လို့ သိရပါတယ်။