ထိုင်းနိုင်ငံက လာရောက်ဖွင့်လှစ်ထားတဲ့ဆစ်မီတဝေ့ ဆေးရုံကြီးမှာဆေးစစ်ချက်အဖြေတွေကို ထပ်မံစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ရှမ်းနဲ့ပွဲမှာ ထိခိုက်မိခဲ့ပြီးနောက် အရေးပေါ် ပို့ဆောင်ခဲ့ရတာ ဖြစ်ပြီး တောင်ကြီးမှာစစ်ဆေးခဲ့တဲ့အဖြေကို ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ ထိုင်းက ဆစ်မီတဝေ့ ဆေးရုံကို ထပ်မံ စစ်ဆေးစေခဲ့ရာမှာလည်း အဖြေကကောင်းမွန်ခဲ့ပေမယ့် အတွင်းပိုင်းထိ ထပ်မံ စစ်ဆေးမှု ခံယူဖို့ အကြံပြုခြင်း ရရှိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ရှမ်းနဲ့ရန်ကုန်အသင်းတို့ရဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်မှာ ဦးခေါင်း ဒဏ်ရာရ သွားတဲ့ ရန်ကုန်ဂိုးသမား ကျော်ဇင်ထက်ရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် စစ်ဆေးနိုင်ဖို့အတွက် လိုအပ် ရင် ထိုင်းနိုင်ငံ ဘန်ကောက်အထိ သွားရောက် ကုသမှုခံယူစေဖို့ ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်အသင်း မီဒီယာ တာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းက DuwunSportsကို ပြောပါတယ်။



ကျော်ဇင်ထက်အနေနဲ့ ရှမ်းနဲ့ ကစားခဲ့တဲ့ ပွဲချိန် ၄၁ မိနစ်လောက်မှာ ရှမ်းတိုက်စစ်မှူး ဇင်မင်းထွန်းနဲ့ ထိခိုက်မိခဲ့ ပြီးနောက် ပွဲချိန် ၄၅ မိနစ်အရောက် ကွင်းအတွင်း မူလဲသွားခဲ့တာပါ။

နီးစပ်ရာ ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ပြီးနောက် ပြန်လည်သက်သာလာတဲ့ ကျော်ဇင်ထက်ကို ရန်ကုန်ယူနိုက် တက်အသင်းက ဓာတ်မှန်ရိုက်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါတယ်။

တောင်ကြီးမြိုကမှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှု မှတ်တမ်းဖိုင်တွေကို ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ ထိုင်းနိုင်ငံက ဆစ်မီတဝေ့ဆေးရုံခွဲကို တင်ပြပြီး ထပ်မံ စစ်ဆေးစေခဲ့ရာမှာလည်း အန္တရာယ်မရှိပဲအားလုံး ပုံမှန်အတိုင်းပဲ ရှိတယ်လို့ ဆေးစစ်မှု အဖြစ် ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“ တောင်ကြီးမှာ စစ်ဆေးခဲ့တဲ့ ဖိုင်ကို ရန်ကုန်မှာ လာဖွင့်ထားတဲ့ ထိုင်းက ဆေးရုံကို ထပ်မံ စစ်ဆေးစေခဲ့ရာမှာလည်း အဖြေက ကောင်းပါတယ်။ဒါပေမယ့် သူတို့က ဦးခေါင်းထိထားတော့ အတွင်းပိုင်းထိ စစ်ဆေးစေချင်ပါတယ်။အတွင်းပိုင်းစစ်မယ်ဆိုရင် အဲ့ဒီစက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ပညာရှင်က ဒီမှာ မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားစစ်ရဖို့တော့ ရှိနေတယ်။ အဲ့ဒီအတွက် ရန်ကုန် ယူနိုက်တက်အသင်းက အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။” လို့ ဒေါ်သိမ့်သိမ့်ထွန်းက ပြောပါ တယ်။

ကျော်ဇင်ထက်က ရန်ကုန်အသင်းအတွက်သာမက မြန်မာ့လက်ရွေးစင်အသင်းအတွက်လည်း အားထားရတဲ့ ဂိုးသမားတစ်ဦးဖြစ်တာကြောင့် တစ်နိုင်ငံလုံးက ဘောလုံးချစ်ပရိသတ်တွေက သူ့ အတွက် စိုးရိမ်နေကြတာကို လည်း လူမှုကွန်ရက်မှာ အများအပြားတွေ့မြင်နိုင်ပါတယ်။



က္က