facebook က မြန်မာနိုင်ငံမှာ ခေတ်အစားဆုံး လူမှုကွန်ရက်အဖြစ် ရှိနေတာပါ။

Facebook Chat Box ကနေတဆင့် လက်မှတ်ရောင်းချတာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပထမဆုံး ဖြစ်ပြီး ယခင်ကတော့ အွန်လိုင်းစနစ်ကနေ လက်မှတ်ရောင်းချတဲ့ အစီအစဉ်တွေ ရှိခဲ့ဖူးပါသေးတယ်။

မြန်မာ ယူ-၂၃ အသင်း ယှဉ်ပြိုင်ကစားမယ့် အာရှ ယူ-၂၃ ခြေစစ်ပွဲစဉ်တွေရဲ့ ပွဲကြည့် လက်မှတ်တွေကို အွန်လိုင်း စနစ်တစ်ခုဖြစ်တဲ့ Facebook Chat Box ကနေ တဆင့် အလွယ်တကူ ဝယ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Facebook Chat Box မှာ လက်မှတ်ဝယ်မယ်ဆိုတဲ့ စာသားကို ရိုက်နှိပ်လိုက်တာနဲ့ အလိုအလျောက် ပြန်လည် ဖြေကြားပေးမယ့်စနစ်ကို အသုံးပြုထားတာဖြစ်ပြီး ညွှန်ကြားချက်များအတိုင်း လက်မှတ်ကို အလွယ်တကူ တစ်ဆင့်ချင်း ဝယ်ယူနိုင်မှာလို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

“ကျွန်တော်တို့က ဒီစနစ် လုပ်ရတာ ပိုလွယ်အောင်ပါ၊ အရင်ကလည်း အွန်လိုင်းကနေ လက်မှတ်ရောင်းတဲ့စနစ်ကို ဆောင်ရွက်ခဲ့ပေမယ့် အခုတစ်ကြိမ်ကတော့ ပိုမို လွယ်ကူမယ်လို့ ထင်ပါတယ်။ Message Box ကနေတဆင့် လက်မှတ်ဝယ်ထားသူတွေမှာ ကိုယ်ပိုင် ကုဒ်နံပါတ်တွေရရှိထားမှာ ဖြစ်ပြီး နီးစပ်ရာ g&g ဆိုင်တိုင်းမှာ အလွယ်တကူ ငွေရှင်းနိုင်ပါတယ်။ သူငွေရှင်းလိုက်တာနဲ့ ကျွန်တော်တို့ဆီမှာ စာရင်းဝင်လာမှာဖြစ်ပြီး ပွဲနေ့ရောက်တာနဲ့ ကွင်းအနားမှာထားရှိပေးထားမယ့် လက်မှတ်လဲလှယ်ပေးတဲ့ ကောင်တာမှာ လက်မှတ်ကို လဲလိုက်ရမှာပါ။” လို့ ဦးဇော်မင်းထိုက်က ရှင်းပြပါတယ်။
လက်ရှိ ပြိုင်ပွဲအခြေအနေအရ အွန်လိုင်းမှတစ်ဆင့် လက်မှတ်ဝယ်ယူနှုန်းကို ကန့်သတ်ထားခြင်းမရှိပဲ စိတ်ကြိုက် ဝယ်ယူထားနိုင်ပြီလို့လည်း သိရပါတယ်။ လက်မှတ်လဲလှယ်ပေးမယ့် ကောင်တာကိုလည်း သုဝဏ္ဏကွင်းဝင်ပေါက်နဲ့ မျက်နှာချင်းဆိုင် အကယ်ဒမီကျောင်း ဝင်ပေါက်နေရာမှာ ထားရှိပေးထားမှာဖြစ်ကာ လက်မှတ်လဲလှယ်ပြီးတာနဲ့ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီစနစ်က ပရိသတ်တွေအတွက် အဆင်ပြေ လွယ်ကူစေတယ်ဆိုရင် နောက်ပိုင်း အိမ်ရှင်လုပ်မယ့် ပွဲတွေမှာလည်း ဆက်လက် အသုံးပြုသွားဖို့ ရည်ရွယ်ထားပြီး အဓိက လုပ်ဆောင်ရတဲ့အကြောင်းရင်းကတော့ လက်မှတ်တန်းစီရတဲ့ အခက်အခဲကို ဖြေရှင်းပေးချင်တာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ Facebook Chat Box အသုံးပြုပြီး လက်မှတ်ရောင်းချပေးတဲ့ စနစ်ကတော့ ပထမဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှာ လူအများစု အသုံးပြုရလွယ်တဲ့စနစ်ဖြစ်တာကြောင့်လည်း အွန်လိုင်းလက်မှတ်စနစ် ပိုမို ပီပြင်လာမယ်လို့ ယူဆရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က