ပွဲဦးထွက်မှာ အနိုင်ရခဲ့တာပါ။
Pyae Phyo Thein

ဂျပန်နိုင်ငံမှ ကျင်းပနေတဲ့ JENESYS 2018 Japan-Mekong ယူ-၁၇ ဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၇ အသင်းဟာ ဒီနေ့မနက် (၈)နာရီမှာ ကစားခဲ့တဲ့ ပထမပွဲမှာ နိုင်ပွဲရရှိခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်အသင်းနဲ့ ပွဲဦးထွက် ကစားခဲ့ရတာ ဖြစ်ပြီး အနိုင်ဂိုးကို ပထမပိုင်းမှာကတည်းက သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။



Photo : MFF Facebook Page

 

နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အဆုံးသတ်ရာမှာ လွဲချော်ခဲ့ကြလို့ သွင်းဂိုးတွေကို မမြင်တွေ့ခဲ့ရပါဘူး။ မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၄၄) မိနစ်မှာ အောင်ကိုဦးက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာယူ-၁၇ အသင်းဟာ ဒီပြိုင်ပွဲကို ပါဝင်ကစားဖို့ ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပြီး ပါဝင်ကစားနေတာ ဖြစ်ပါတယ်။

Photo : MFF Facebook Page

 

မြန်မာအသင်းဟာ အုပ်စု (ခ)မှာ ပါဝင်နေပြီး ဗီယက်နမ်၊ ဂျပန်၊ ကမ္ဘောဒီယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို နေ့စဉ်ဆက်တိုက်ကစားသွားရမှာဖြစ်ပြီး မြန်မာအသင်းက ဗီယက်နမ်နဲ့ စတင်ကစားခဲ့ရတာပါ။ အဲဒီနောက် အောက်တိုဘာ (၆)ရက်နေ့မှာ အိမ်ရှင်ဂျပန်၊ (၇)ရက်နေ့မှာ ကမ္ဘောဒီးယားတို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။

Photo : MFF Facebook Page

 

ဗိုလ်လုပွဲကို အောက်တိုဘာလ (၈)ရက်နေ့မှာ ကစားသွားမယ်လို့ သိရပါတယ်။ မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အတွက် မနက်ဖြန်မှာ ကစားရမယ့် ဂျပန်နဲ့ပွဲကို အနိုင်ရရှိဖို့ အရေးကြီးနေပါတယ်။ အုပ်စုထိပ်ဆုံးက (၂)သင်း ဗိုလ်လုပွဲကစားရမှာဖြစ်လို့ အင်အားကြီး ဂျပန်အသင်းကို အနိုင်ရမှသာ ဗိုလ်လုပွဲမျှော်လင့်ချက်ကို အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။

 

မြန်မာအသင်းမှာ ကစားသမား (၂၀)ဦး ပါဝင်သွားခဲ့ပြီး ဦးညီညီလတ်က နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က