ထိုင်းလိဂ်(၁)ကလပ် မြောင်တောင်ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ မြန်မာတိုက်စစ်မှူး အောင်သူဟာ ရက်ချာဘူရီအသင်းကို ၂-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ထိုင်းလိဂ်ဒုတိယမြောက်သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ဒီနှစ်ဘောလုံးရာသီမှာ ထိုင်းလိဂ်ထိပ်တန်းကလပ် မြောင်တောင်ယူနိုက်တက်အသင်းမှာ ကစားနေပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အောင်သူ့အနေနဲ့ ဒီရာသီ သုံးဦးမြောက်နည်းပြဖြစ်တဲ့ ဂါမာလက်ထက်မှာ လူစားဝင်ကစားခွင့် အနည်းငယ်ရလာပြီး ကစားခွင့်ရတဲ့ ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနေ့ည ကစားခဲ့တဲ့ ထိုင်းလိဂ်ပွဲစဉ်(၂၀)မှာ မြောင်တောင်ယူနိုက်တက်အသင်းက ရက်ချာဘူရီအသင်းကို ၂-၁ဂိုးနဲ့အနိုင်ရခဲ့ပြီး အောင်သူက ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
အောင်သူဟာ ရက်ချာဘူရီနဲ့ပွဲစဉ် မိနစ် ၇၀ဝန်းကျင်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး မိနစ် ၈၀မှာ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ “ဒီနေ့ပွဲမှာ သုံးမှတ်ရယူနိုင်ခဲ့လို့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ရက်ချာဘူရီက တောင့်တင်းတဲ့အသင်းပေမယ့် ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အသင်းမှာ တိုးတက်လာဖို့အတွက် ကျွန်တော်ကြိုးစားသင်ယူနေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်သားလေးအတွက် ကျွန်တော်လုပ်နိုင်ခဲ့ပါပြီ။”လို့ အောင်သူကပွဲအပြီးမှာပြောခဲ့ကြောင်း မြောင်တောင်ယူနိုက်တက်အသင်းပိုင် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အောင်သူဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက သားလေးတစ်ဦးမွေးဖွားခဲ့သူဖြစ်ပါတယ်။ ရက်ချာဘူရီနဲ့ပွဲက သွင်းဂိုးက နည်းပြ ဂါမာလက်ထက်မှာ အောင်သူ့ရဲ့ဒုတိယမြောက်သွင်းဂိုးဖြစ်ပါတယ်။ အောင်သူဟာ မြောင်တောင်နည်းပြသစ် ဂါမာလက်ထက်မှာ မိနစ် ၃၀ဝန်းကျင်သာကစားခွင့်ရထားပေမယ့် နှစ်ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ထိုင်းလိဂ်ရာသီဝက်အပြောင်းအရွှေ့ကာလအတွင်းမှာ အသင်းပြောင်းမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အောင်သူဟာ မြောင်တောင်ယူနိုက်တက်မှာပဲ ရာသီကုန်အထိကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။