တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။
Pyae Phyo Thein

ဒီနေ့မှာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဧရာဝတီယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ လုပ်ခလစာအဖြစ် တစ်လကို ဘတ်တစ်သိန်းရရှိမယ်လို့လည်း သိရပါတယ်။


မြန်မာယူ၂၂အသင်းရဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်ဟာ ထိုင်းပရီးမီးယားလိဂ်လိဂ်ကလပ် Trat FC အသင်းကို တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဧရာဝတီယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ လုပ်ခလစာအဖြစ် တစ်လကို ဘတ်တစ်သိန်းရရှိမယ်လို့လည်း သိရပါတယ်။

ကစားသမားရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ပေးနေတဲ့ Myanmar Special အေဂျင်စီတည်ထောင်သူ ကိုရဲနိုင်ဝင်းက Duwun Sports ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။ အောင်ကောင်းမာန်အနေနဲ့ ပထမရာသီဝက်မှာ ခြေစွမ်းပြနိုင်မယ်ဆိုပါက ဒုတိယရာသီဝက်မှာ လစာတိုးမြှင့်ခံစားရမှာဖြစ်ပြီး ဘတ်တစ်သိန်းနှစ်သောင်းအထိ ရရှိမယ်လို့လည်း ကိုရဲနိုင်ဝင်းက ဆိုပါတယ်။ 

"သူ့အနေနဲ့ လစာကတော့ ဘတ်တစ်သိန်းရမယ်ပေါ့၊ ပထမအကျော့မှာ ရမှာဖြစ်ပြီး သူ့ခြေစွမ်းကောင်းမွန်မယ်ဆိုရင် ဒုတိယရာသီဝက်မှာ ဘတ်တစ်သိန်းနှစ်သောင်းအထိ ရရှိမှာပါ၊ နေထိုင်ဖို့အတွက်တော့ စိတ်ကြိုက်တိုက်ခန်းတစ်ခန်းမှာနေစေပြီး အသင်းဘက်က အကုန်အကျခံပေးသွားမှာပါ၊ ပြီးတော့ ကားတစ်စီးပေးထားပါတယ်" လို့ ကိုရဲနိုင်ဝင်းက အတည်ပြုပြောဆိုခဲ့ပါတယ်။ 

အောင်ကောင်းမာန်ကတော့ မြန်မာယူ၂၂အသင်းအတွက် ဆီးဂိမ်းပြိုင်ပွဲမှာ ခြေစွမ်းပြကစားပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ အသင်းအတွက် ၅ဂိုးအထိသွင်းယူပေးခဲ့ပြီး နည်းပြပိုပေါ့ဗ်ရဲ့ အားထားရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပုသိမ်အကယ်ဒမီက ထွက်ပေါ်လာခဲတဲ့့ ဒီကစားသမားဟာ ဧရာဝတီနဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေသေးတာကြောင့် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာလို့လည်း သိရပါတယ်။ အငှားပြောင်းရွှေ့မှုအဖြစ် ဧရာဝတီယူနိုက်တက်အသင်းက ဘတ် (၃) သိန်းရရှိမယ်လို့လည်း အသင်းရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။


Author


က္က