ပုံမှန်ကစားခွင့်ရမယ့်အသင်းကိုရွေးချယ်သွားမယ်လို့ သိရပါတယ်။
Pyae Phyo Thein

ကျော်ကိုကိုဟာ ဆူခိုထိုင်းအသင်းနဲ့ ဒီရာသီမှာမှ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့မှုကြောင့် အသင်းနဲ့အတူ တစ်ပွဲတည်းသာ ကစားခဲ့ရပါတယ်။


ဆူခိုထိုင်းအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးကျော်ကိုကိုဟာ ထိုင်းမှာသာ ဆက်လက်ကစားဖို့အတွက် အာရုံစိုက်နေတယ်လို့ သိရပါတယ်။ Duwun Sports ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့တာဖြစ်ပြီး ပုံမှန်ကစားခွင့်ရမယ့်အသင်းဖြစ်မယ်ဆိုပါက လိဂ်အဆင့်အတန်းရွေးချယ်မှာမဟုတ်ဘဲ ကစားသွားမယ်လို့ ကျော်ကိုကိုက ဖွင့်ဟခဲ့ပါတယ်။ 

ကျော်ကိုကိုဟာ ဆူခိုထိုင်းအသင်းနဲ့ ဒီရာသီမှာမှ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့မှုကြောင့် အသင်းနဲ့အတူ တစ်ပွဲတည်းသာ ကစားခဲ့ရပါတယ်။ ဒီနောက်မှာတော့ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ကလပ်အသင်း ၂သင်း၊ ၃ သင်းခန့်နဲ့ စကားပြောဆိုမှုတွေရှိနေတယ်လို့ ကျော်ကိုကိုက ပြောပြခဲ့ပါတယ်။ 

"အခုကတော့ ကျွန်တော် ဒီမှာပဲ ဆက်ကစားဖို့ကြိုးစားနေတာပေါ့၊ လောလောဆယ်တော့ ချိတ်နေတာပေါ့၊ ကမ်းလှမ်းတာမျိုးတော့မဟုတ်သေးပါဘူး၊ စကားပြောထားတဲ့အသင်းကတော့ ၂သင်း၊ ၃ သင်းလောက်ရှိတာပေါ့၊ ဘယ်လိဂ်ကလဲဆိုတာထက် ကျွန်တော့်အတွက် ငွေကြေးအားဖြင့် အထိုက်အလျောက်အဆင်ပြေမယ်၊ ကစားခွင့်လည်းရမယ်ဆိုရင်တော့ ကစားမှာပါ" လို့ ကျော်ကိုကိုက Duwun Sports ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့ပါတယ်။ 

လက်ရှိမှာ စစ်ကိုင်းယူနိုက်တက်အသင်းက ကျော်ကိုကိုကို ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါသတင်းတွေနဲ့ ပတ်သက်ပြီး ကျော်ကိုကိုက "အတည်ပြုတာမျိုးတော့ မဟုတ်ဘူးပေါ့၊ ကိုဇော်လင်းထွန်းကလည်း တကယ်လို့ ဒီမှာအဆင်မပြေလို့ ပြည်တွင်းမှာ ပြန်ကစားမယ်ဆိုရင်တော့ စစ်ကိုင်းမှာလာကစားဖို့ကို ဦးစားပေးဖို့ ပြောတာမျိုးတော့ ရှိပါတယ်၊ ကျွန်တော်ပြန်လာကစားဖို့ကတော့ ကြာဦးမယ်ထင်ပါတယ်" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 

စစ်ကိုင်းနည်းပြချုပ်ဦးဇော်လင်းထွန်းကိုလည်း Duwun Sports က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ "ကျွန်တော်တို့ကလည်း သူ ဒီကိုပြန်လာကစားမယ်ဆိုရင် ကျွန်တော်တို့အသင်းကို ဦးစားပေးဖို့တော့ ပြောထားတာရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ သူ့ကို ထိုင်းမှာပဲ ဆက်ကစားစေချင်ပါတယ်၊ သူ့ကို ဒီမှာပြန်လာကစားပြီးတော့ ပြီးဆုံးသွားတာမျိုးမဖြစ်စေချင်ပါဘူး" လို့ ဖြေဆိုခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က