ဦးမျိုးမင်းထွန်းအနေနဲ့ တရုတ်တိုင်ပေ၊အင်ဒိုနီးရှားတို့နဲ့ ကစားမယ့် မြန်မာ့လက်ရွေးစင်အသင်းကို စိတ်ကြိုက် တည်ဆောက်ခွင့်ရမှာ ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်း နည်းပြ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး နည်း ပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါပြီ။
“လက်ရွေးစင်အသင်းကလည်း လက်ရွေးစင်အလျောက် အရေးကြီးသလို ကလပ်အသင်းကလည်း အရေးကြီးတာပါပဲ။ ရန်ကုန်အသင်းနဲ့ အေအက်ဖ်စီဖလား ရလဒ်ကောင်းရဖို့ ပြင်ဆင်မှာဖြစ်တဲ့အပြင် အခုအချိန်မှာ နိုင်ငံအသင်းက ပေးလာတဲ့ တာဝန်ကိုလည်း အစွမ်းကုန်ကြိုးစားသွားပါမယ်” လို့ ဦးမျိုးမင်းထွန်းက ဆက်လက်ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းအတွက် အမြဲတမ်း နည်းပြကို နိုင်ငံခြားသား လူမျိုး နည်းပြတစ်ဦးခန့်အပ်နိုင်ရေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဆောင်ရွက်နေပေမယ့်လည်း အခုကစားမယ့် ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲ အတွက် အမီခန့်အပ်နိုင်ရေး မရှိတဲ့အတွက် အခုလို ပြည်တွင်းနည်းပြတစ်ဦးကို ယာယီခန့်အပ်ခဲ့၇တာ ဖြစ်တယ်လို့ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောပြချက်အရ သိထားရပါတယ်။
ဦးမျိုးမင်းထွန်းကို ရွေးချယ်ဖြစ်တာကတော့ ပြည်တွင်းရဲ့ အလားအလာအကောင်းဆုံး နည်းပြတစ်ဦးဖြစ်သလို အောင်မြင်မှုတွေလည်း လိဂ်မှာ စွမ်းဆောင်ထားလို့ ဂုဏ်ပြုတဲ့အနေနဲ့ရော၊ မျှော်လင့် ချက်အနေနဲ့ပါ ရွေးချယ်ဖြစ်ခဲ့တာလို့ ရွေးချယ်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် နည်းစနစ်အကြံပေး ဦးတင်မြင့်အောင်ကလည်း ပြောပါတယ်။ ဦးမျိုးမင်းထွန်း တာဝန်ယူမယ့် မြန်မာ့လက်ရွေးစင်အသင်းကတော့ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ တရုတ်(တိုင်ပေ)၊ မတ်လ ၂၅ မှာ အင်ဒိုနီးရှားအသင်းတို့နဲ့ ခြေစမ်းကစားမှာဖြစ်ပြီး ၂ ပွဲစလုံးကို မန္တလေးမှာ ကစားမှာပါ။