အောက်တိုဘာ ၁၀ ရက်နေ့မှာ ကစားမှာပါ။

မနှစ်က ဖြစ်ပေါ်ခဲ့တဲ့လုံခြုံရေး ကျိုးပျက်မှုကြောင့် ဒီနှစ်မှာကြားကွင်းထပ်ကစားရဖို့ တောင်းဆိုခဲ့ပေမယ့် ကာဂျစ်နိုင်ငံမှာပဲ ကစားဖို့ အာရှဘောလုံးအဖွဲ့ချုပ်က စာပြန်လာခဲ့တာပါ။

မြန်မာအသင်းအနေနဲ့ ကာဂျစ်အသင်းနဲ့ လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် အဝေးကွင်းလိုက်ပါ ကစားရမှာ ဖြစ်ပြီး ဒီပွဲစဉ်ကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လုံခြုံရေး အရာရှိကို တာဝန်ယူကိုင်တွယ်သွားစေမယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က တရားဝင်စာပေးပို့ပေးထားတဲ့အကြောင်း မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းအရေးမှူး ဦးကိုကိုသိန်းက DuwunSportsကိုပြောပါတယ်။





မြန်မာအသင်းအနေနဲ့ ကာဂျစ် အသင်းနဲ့ မနှစ်က အာရှဖလား ခြေစစ်ပွဲအဆင့်မှာ တွေ့ဆုံဖူးပြီး အဝေးကွင်း လိုက်ပါ ကစားချိန်မှာတော့ လုံခြုံရေး ကျိုးပျက်မှုကြောင့် ကာဂျစ်ကို ရောက်ပြီးမှ ပြန်လာခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကာဂျစ်နဲ့ မြန်မာပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကြားကွင်းအဖြစ် သတ်မှတ်ကျင်းပခဲ့ပြီး ကာဂျစ် အသင်းက ၅-၁ နဲ့ အနိုင်ရခဲ့တာပါ။

“ မနှစ်က ဖြစ်စဉ်ကြောင့် ကျွန်တော်တို့အနေနဲ့ ကြားကွင်းမှာ ကစားဖို့ စာတင်ခဲ့ပါတယ်၊ဒါပေမယ့်ကာဂျစ်ဘော လုံးအဖွဲ့ချုပ်က ဒီတစ်ကြိမ်မှာတော့ လုံခြုံရေး အထူးဆောင်ရွက်ပေးမှာဖြစ်တာကြောင့် အိမ်ကွင်းမှာပဲ လက်ခံ ကျင်းပခွင့်ပေးပါလို့ အာရှဘောလုံးအဖွဲ့ချုပ်ကတဆင့် ဆက်သွယ်လာပါတယ်။အာရှဘောလုံးအဖွဲ့ချုပ်ကတည်း ဒီပွဲကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လုံခြုံရေးအရာရှိကို တာဝန်ပေးဆောင်ရွက်သွားစေဖို့ ရှိတယ်လို့ ပြော လာပါတယ်။” လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

ဒါကြောင့် မြန်မာအသင်းအနေနဲ့ ကာဂျစ်နိုင်ငံမှာ လိုက်ပါကစားဖို့ သဘောတူညီခဲ့ပြီး ပွဲကစားမယ့် နေ့ထက် ၅ ရက်စောကာ ရာသီဥတု အသားကျဖို့သွားရောက်မယ်လို့လည်း သိရပါတယ်။

မြန်မာအသင်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲစလုံး အရေးနိမ့်ထားပါတယ်။



က္က