သြဂုတ်လ ၂၈ရက်နေ့မှာ ကျင်းပမယ်လို့သိရပါတယ်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(WLC)ပြိုင်ပွဲကို လာမယ့် သြဂုတ်လ ၂၈ရက်နေ့မှာ ပထမဆုံး စတင်ကျင်းပသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - WLC



ပြိုင်ပွဲကို ကိုဗစ်ကာလဖြစ်တဲ့အတွက် ပရိသတ်နဲ့မီဒီယာ ဝင်ရောက်ခွင့်ပေးမှာ မဟုတ်သလို ကစားသမားတွေနဲ့ ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေအပါအဝင် ဒိုင်လူကြီးတွေအားလုံးလည်း တစ်ဦးနဲ့တစ်ဦးအကြားမှာအနည်းဆုံး ၆ပေအကွာ နေထိုင်ကြရမယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ ပြိုင်ပွဲကို ကွင်းပိတ်ကစားမှာပါ။မီဒီယာလည်း ပေးမဝင်ပါဘူး။အထဲမှာလည်း ကစားသမားတွေနဲ့ သက်ဆိုင်သူအားလုံး ကိုဗစ်စည်းကမ်းတွေနဲ့အညီ နေထိုင်ပြုမူရပါမယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် ပြိုင်ပွဲမတိုင် မီ ရက်ကြိုတင်ပြီး အားလုံး ကိုဗစ်စစ်ကြရပါမယ်။”လို့ WLC ရဲ့ မီဒီယာတာဝန်ခံ ကိုညီမင်းဟန်က Duwun ကိုပြော ပါတယ်။

ပြိုင်ပွဲမှာ တွဲဆိုင်း ၇ဆိုင်းပါဝင်ပြီး မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ နှစ်နေရာခွဲပြီး ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

“နိုင်ငံခြားသားတွေပါဝင်တဲ့ တွဲဆိုင်းတွေကို ထိုင်းမှာ စီစဥ်ထားပြီး ပြည်တွင်းတွဲဆိုင်းကိုတော့ ရန်ကုန်မှာ စီစဥ်နေ ပါတယ်။ အသေးစိတ် ဘယ်တွဲဆိုင်းက ဘယ်မှာဆိုတာကတော့ ဆက်လက်သတင်းထုတ်ပြန်ပေးပါမယ်။”လို့ ကိုညီမင်းဟန်က ဆက်လက်ပြောပါတယ်။

ဓာတ်ပုံ - WLC

ယခုကျင်းပမယ့် ပြိုင်ပွဲက WLCရဲ့ ၁၂ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး ပထမဆုံးအနေနဲ့ အမျိုးသမီး ရွှေခါးပတ်ချန်ပီယံ လုပွဲလည်း ပါဝင်လာမယ်လို့သိရပါတယ်။

ဘင်တန်ဝိတ်တန်းရဲ့ ရွှေခါးပတ်ကိုတော့ ပြင်သစ်ဖိုက်တာဆိုရိစ်မန်ဖရက်ဒီနှင့် စပိန်လက်ဝှေ့မယ် မိုင်ရှာကက်ဇ်တို့ ခေါင်ပွဲအဖြစ် ယှဥ်ပြိုင်သွားမှာ ဖြစ်ပြီး ဒု-ခေါင်ပွဲအဖြစ် မြန်မာက စိုးမင်းအောင်က ဥဇဘက်ကစ္စတန်ကစားသမား အာသာတီနဲ့ ထိုးသတ်မယ်လို့သိရပါတယ်။

ကျန်တွဲဆိုင်းတွေကို ထုတ်ပြန်ပေးခြင်းမရှိသေးပဲ ဆက်လက်ထုတ်ပြန်မယ်လို့သိရပြီး ယခုပြိုင်ပွဲကိုတော့ ရုပ်သံတွေ ဖြစ်တဲ့ CANAL+၊ UFC Fight Pass အပါအဝင် နိုင်ငံပေါင်း ၁၀၀ကျော်မှာ ပြသသွားမယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ကို နောက်ဆုံးကျင်းပခဲ့တာကတော့ ဇန်နဝါရီလ ၃၁ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူမှာ ကျင်းပခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပနိုင်မယ့် အားကစား ပြိုင်ပွဲတစ်ရပ်ဖြစ်လာဖွယ် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က