အခုအချိန်ထိ အသင်းလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခြင်းမရှိသေး တာ တွေ့နေရပါတယ်။
Kyaw Ko Ko Sint

သုဝဏ္ဏကွင်းပတ်လမ်းမှာ အပြေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ အသင်းအချို့ ရှိနေတယ်လို့လည်း သိရပါတယ်။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေကို အသင်းတချို့ ပြုလုပ်နေကြပေမယ့် အချို့ သောအသင်းတွေမှာ ကွင်းငှားခ မတတ်နိုင်တဲ့အတွက် သုဝဏ္ဏကွင်း ပတ်လမ်းမှာသာ လာရောက် အပြေးလေ့ကျင့် မှုတွေ ရှိနေတာ တွေ့ရတယ်လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ကို ပြန်လည်သုံးသပ်မှုနဲ့ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်အတွက်ညှိုနှိုင်းဆောင်ရွက်မှု အစည်းအဝေးမှာ ပြောခဲ့ပါတယ်။



“ တချို့အသင်းတွေအနေနဲ့ လေ့ကျင့်ဖို့ ကွင်းအခက်အခဲကြောင့်သော်လည်းကောင်း၊ကွင်းငှားခ တစ်ခါတည်း ပေးချေနိုင်ခြင်းမရှိတာကြောင့်သော်လည်းကောင်း အခုအချိန်ထိ အသင်းလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခြင်းမရှိသေး တာ တွေ့နေရပါတယ်။ဒါကြောင့် ကျွန်တော်တို့ လိဂ်ဖက်က တတ်နိုင်သ၍ မြက်ခင်းတု ကွင်း ၂ကွင်းကို ဆိုင်းငံ့ပေး ချေမှုပြုလုပ်စေပြီး ငှားပေးပါမယ်။တစ်လတန်စေ၊နှစ်လတန်စေပေါ့။နောက်ဆုံး လုံးဝ မပေးနိုင်သေးဘူး ဆိုရင် လည်း လိဂ်ကော်မတီက အချိုးကျ ထောက်ပံ့မယ့် ကလပ်အသင်း ထောက်ပံ့ စရိတ်ထဲက ပြန်လည်နှုတ်ယူပေးဖို့ အထိ ပြုလုပ်ပေးသွားပါမယ်။”လို့ ဦးစိုးမိုးကျော်က ပြောခဲ့ပါတယ်။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ကို လာမယ့် ဇန်နဝါရီလဆန်းပိုင်းမှာစတင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကလပ်အသင်း အချို့ ကွင်းမရလို့ စုပေါင်း လေ့ကျင့်နိုင်ခြင်းမရှိသေးပဲ အချို့အသင်းတွေဆိုရင် သုဝဏ္ဏ ဘောလုံး ကွင်းရဲ့ ပတ် လမ်းမှာ အပြေးလေ့ကျင့်မှုတွေသာ ပြုလုပ်နေခဲ့တာပါ။

မြန်မာနေရှင်လိဂ် ကလပ်အသင်းတွေအနေနဲ့ ဒီနှစ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရရှိခဲ့တဲ့ ထောက်ပံ့ငွေထက် အသင်းအားလုံးပိုမိုရရှိမယ်လို့လည်း ဦးစိုးမိုးကျော်က အတည်ပြု ပြောခဲ့ပါသေးတယ်။

အကြောင်းကတော့ ဒီနှစ်မှာ အမေရိကန်ရဲ့ နိုင်ငံတကာ အာမခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ AIA ကုမ္ပဏီက မြန်မာနေရှင်နယ်လိဂ်ကို စပွန်ဆာပေးလာတာကြောင့်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က