ဒီနေ့ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

၂၀၂၀ ခုနှစ်၊ မေလအစောပိုင်းမှာတော့ အဲရစ်နဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်တို့ဟာ နှစ်ဖက်သဘောတူလမ်းခွဲခဲ့ပြီးတော့ လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းကို အဲရစ်က ဒီနေ့တွေ့ဆုံခဲ့မှုမှာ ပြောဆိုသွားခဲ့တာပါ။


ဒီနေ့ညနေပိုင်းက အင်းယားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ်ကနေ နှုတ်ထွက်ခဲ့ရတဲ့အကြောင်းရင်းကို အဲရစ်အေဘရမ်က ဖွင့်ဟသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံသားအဲရစ်အေဘရမ်ဟာ မြန်မာဘောလုံးအဖွဲ့ချုပ်မှာ ၂၀၁၈ အောက်တိုဘာလအတွင်းက စတင်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ မေလအစောပိုင်းမှာတော့ အဲရစ်နဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်တို့ဟာ နှစ်ဖက်သဘောတူလမ်းခွဲခဲ့ပြီးတော့ လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းကို အဲရစ်က ဒီနေ့တွေ့ဆုံခဲ့မှုမှာ ပြောဆိုသွားခဲ့တာပါ။ သူ့အနေနဲ့ နည်းစနစ်ဒါရိုက်တာရာထူးကနေ နှုတ်ထွက်ခဲ့ရတာဟာ သူ့ရဲ့ စီမံကိန်း၊ ဆောင်ရွက်ဖို့တင်ပြမှုတွေအပေါ်မှာ မြန်မာဘောလုံးအဖွဲ့ချုပ်ဖက်က ပံ့ပိုးပေးမှုအားနည်းခဲ့တာကြောင့် ဖြစ်တယ်လို့ အဲရစ်အေဘရမ်က ဖွင့်ဟသွားခဲ့ပါတယ်။
"လူငယ်ဘောလုံးဖွံ့ဖြိုးရေးအတွက် ကျွန်တော့်ဘက်ကတောင်းဆိုတာတွေရှိပါတယ်၊ ဒီတောင်းဆိုချက်တွေ၊ ကျွန်တော့်အိုင်ဒီယာတွေကို အဖွဲ့ချုပ်ဘက်က ဖြည့်ဆည်းပေးနိုင်မှုက အားနည်းခဲ့ပါတယ်၊ ဒီအတွက်ကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရော၊ မြန်မာ့ဘောလုံးရှေ့ဆက်ဖို့က မဖြစ်နိုင်ပါဘူး၊ ဒီအချက်တစ်ချက်တည်းကြောင့်ပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ အဲရစ်က ပြောခဲ့ပါတယ်။
ဒါ့အပြင် သတင်းတွေထွက်ပေါ်နေခဲ့သလိုမျိုး သူ့အနေနဲ့ လက်ရွေးစင်အသင်းကစားသမားရွေးချယ်မှုအပေါ်မှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ မရှိခဲ့ဘူးလို့လည်း အဲရစ်က ဆိုပါတယ်။ "လက်ရွေးစင်အသင်း လူစာရင်းရွေးချယ်မှုမှာ ကျွန်တော့်ဘက်က ဘာမှဝင်စွက်ဖက်တာမျိုးမရှိပါဘူး၊ ကျွန်တော့်တာဝန်က လူငယ်စီမံကိန်းတွေဖွံ့ဖြိုးလာဖို့ပါ၊ ဒါပေမယ့် နည်းစနစ်ဒါရိုက်တာတစ်ဦးအနေနဲ့ ကျွန်တော်အကြံပေးခွင့်ရှိပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကတော့ နည်းပြကချမှတ်ရတာပါ" လို့ အဲရစ်က ဆိုပါတယ်။
 


အဲရစ်အနေနဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့ကာလတွင်းမှာ အဖွဲ့ချုပ်နဲ့ ဘယ်လိုပြသနာမျိုးမှမရှိခဲ့ဘူးလို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ သူ့အနေနဲ့ အစည်းအဝေးပြုလုပ်တိုင်းမှာ Grassroots အစီအစဉ်တွေကို ရက်သတ္တပတ်တိုင်းမှာကျင်းပဖို့အတွက် တွန်းအားပေးခဲ့ပေမယ့်လည်း အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း ဘောလုံးဖွံ့ဖြိုးတိုးတက်မှုက နောက်ကျနေတယ်လို့ အဲရစ်က ပြောခဲ့ပါတယ်။ 

"မြန်မာဘောလုံးအဖွဲ့ချုပ်ကိုတော့ ကျွန်တော်တစ်ခုပဲတောင်းဆိုခဲ့တာက ကျွန်တော်အခုလုပ်သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်သွားပေးဖို့ပါ၊ လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ" လို့လည်း အဲရစ်က ပြောပါတယ်။ အဲရစ်ကတော့ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ လမ်းခွဲပြီးနောက်မှာ ဗီယက်နမ်ပုဂ္ဂလိကဘောလုံးအကယ်ဒမီတစ်ခုဖြစ်တဲ့ PVF နဲ့ သဘောတူညီထားတယ်လို့ သိရပြီး (၃) နှစ်စာချုပ်ချုပ်ဆိုကာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိတယ်လို့လည်း အတည်ပြုသွားခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က