အသင်း ၂သင်းက ကမ်းလှမ်းခဲ့တာဖြစ်ပြီး လမ်ပန်ကိုရွေးချယ်ခဲ့တာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အောင်ကောင်းမာန်ကစားနေတဲ့ ထရတ်အသင်းကို မြန်မာကစားသမားတစ်ဦးဖြစ်တဲ့ ဆောင်လမန်က ပြောင်းရွှေ့ခဲ့လို့ မြန်မာကစားသမားနှစ်ဦး အသင်းဖော်တွေအဖြစ်ကစားခွင့်ရမယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြတာပါ။


ထရတ်အက်ဖ်စီအသင်းမှာ ကစားနေတဲ့ မြန်မာတိုက်စစ်မှူးအောင်ကောင်းမာန်ဟာ ထိုင်းလိဂ် (၂)ကလပ် လမ်ပန်အက်ဖ်စီကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ထရတ်အက်ဖ်စီမှာ ကစားခွင့်ရနေသူတစ်ဦးအဖြစ် အောင်ကောင်းမာန်က ရပ်တည်နေခဲ့လို့ သူ့ရဲ့ပြောင်းရွှေ့မှုက ပရိသတ်တွေအတွက် အံ့အားသင့်စရာတော့ ဖြစ်ခဲ့ရပါတယ်။ 

အောင်ကောင်းမာန်ကို ကလပ်အသင်းပိုင်ရှင်က ဆက်လက်ထားရှိချင်တယ်လို့ သိရပြီး အသင်းနည်းပြနဲ့ တိုင်ပင်ခဲ့ပြီးနောက်မှာ နည်းပြဖြစ်သူက အောင်ကောင်းမာန်အတွက် ပုံမှန်ပွဲကစားခွင့်ရမယ့် အာမခံချက်မျိုးကို မပေးနိုင်ဘူးလို့ပြောဆိုခဲ့ပြီး ကစားသမားနဲ့လည်း တိုင်ပင်အပြီးမှာ သူ့ကိုကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တဲ့ လမ်ပန်အသင်းကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့တယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက Duwun ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ 


"အောင်ကောင်းမာန်က ပြောမယ်ဆိုရင် သူကိုယ်တိုင်လည်း အသင်းကနေထွက်ခွာပြီး ပုံမှန်ကစားခွင့်ရမယ့်ဆီကို ပြောင်းချင်နေတယ်၊ ထရတ်အသင်းနည်းပြကလည်း သူ့ကို ပုံမှန်ကစားခွင့်ပေးဖို့ အာမခံချက်က မပေးနိုင်ဘူးလို့ ပြောတယ်၊ အသင်းပိုင်ရှင်က သူ့ကိုဆက်ရှိနေစေချင်ပေမယ့် တစ်ဖက်မှာလည်း လမ်ပန်က သူ့ကို လိုလိုချင်ချင်နဲ့ ကမ်းလှမ်းမှုရှိခဲ့တာပါ"

"နောက်တစ်ချက်က သူ့ကိုကမ်းလှမ်းတဲ့အသင်းက ၂ သင်းရှိပါတယ်၊ နောက်တသင်းက အယုဒ္ဓယပေါ့၊ လမ်ပန်က ငွေကြေးအရပိုပြီးတောင့်တင်းတယ်၊ ပြီးတော့ အောင်ကောင်းမာန်ကို ဒဏ်ရာရတာ၊ နေမကောင်းဖြစ်တာကလွဲရင် ပွဲတိုင်းအသုံးပြုမယ်ဆိုတဲ့ ကမ်းလှမ်းမှုလည်းပါပါတယ်၊ ပြီးတော့ အပိုဆုကြေးတွေလည်းပါပါတယ်၊ တစ်ရာသီလုံးမှာ ၁၀ ဂိုးပြည့်ရင် သူ ဘယ်လောက်ထိရမလဲဆိုတာပေါ့၊ ထရတ်နဲ့စာချုပ်ချုပ်တုန်းကထက်ဆိိုရင် ဒီအချက်တောင် ပိုတိုးလာပါတယ်" လို့ ကိုရဲနိုင်ဝင်းက ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အောင်ကောင်းမာန်ကစားနေတဲ့ ထရတ်အသင်းကို မြန်မာကစားသမားတစ်ဦးဖြစ်တဲ့ ဆောင်လမန်က ပြောင်းရွှေ့ခဲ့လို့ မြန်မာကစားသမားနှစ်ဦး အသင်းဖော်တွေအဖြစ်ကစားခွင့်ရမယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် အောင်ကောင်းမာန်ကလည်း ထိုင်းလိဂ် (၂) ကို ပြောင်းရွှေ့ခဲ့ရလို့ သူတို့နှစ်ဦးက ထရတ်မှာ အဝင်၊အထွက်ဖြစ်နေခဲ့ရပါတယ်။ 


Author


က္က