လက်ရှိမှာ ဖျက်သိမ်းတာမဟုတ်ဘဲ နုတ်ထွက်ထားတာသာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Pyae Phyo Thein

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ အခက်အခဲတွေရှိနေခဲ့မှု၊ နဝဒေးကွင်းကို ပြုပြင်တည်ဆောက်မှုကြောင့် ငွေကြေးများစွာကုန်ကျခဲ့မှုတွေက နုတ်ထွက်ရတဲ့ အကြောင်းရင်းဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။


ဇွဲကပင်ယူနိုက်တက်အသင်းကို ဖျက်သိမ်းလိုက်တာမဟုတ်ဘဲ လက်ရှိဘောလုံးရာသီကနေသာ နုတ်ထွက်ခဲ့ခြင်းဖြစ်တယ်လို့ အသင်းပိုင်ရှင်ဦးလှဌေးက ဒီနေ့ပြုလုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့မှုမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင်ယူနိုက်တက်အသင်းဟာ ၂၀၂၀ နေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ ဒုတိယရာသီဝက်ကို ပါဝင်ယှဉ်ပြိုင်ခြင်းပြုမှာမဟုတ်တော့ဘူးလို့ အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် သတင်းတွေထွက်နေသလို အသင်းကိုဖျက်သိမ်းခဲ့တာမဟုတ်ဘဲ အခက်အခဲတွေရှိနေခဲ့တာကြောင့် နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ဦးလှဌေးက ပြောဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ အခက်အခဲတွေရှိနေခဲ့မှု၊ နဝဒေးကွင်းကို ပြုပြင်တည်ဆောက်မှုကြောင့် ငွေကြေးများစွာကုန်ကျခဲ့မှုတွေက နုတ်ထွက်ရတဲ့ အကြောင်းရင်းဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။


"တကယ်က အသင်းကို ဖျက်သိမ်းတာမဟုတ်ပါဘူး၊ ဒီရာသီလက်ကျန်ပွဲတွေကို ပါဝင်ကစားခြင်းမရှိတော့ဘဲ နုတ်ထွက်ခဲ့တာပါ။ ဒါကြောင့် ဖျက်သိမ်းတယ်လို့ ပြောနေတာတွေက မဟုတ်ပါဘူး၊ လာမယ့်ရာသီမှာ ကျွန်တော့်အသင်းပြန်ပြီးပါဝင်ကစားဖြစ်ရင်လည်း ကစားဖြစ်မှာပါ၊ အဓိကကတော့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ အခက်အခဲတွေရှိနေခဲ့လို့ပါ"

"ပြီးတော့ လူငယ်စီမံကိန်းအတွက် ကျွန်တော်လုပ်နေတာတွေလည်း ရှိပါတယ်၊ အဲဒီအပိုင်းမှာလည်း ကျွန်တော်ငွေအများအပြားရင်းနှီးကုန်ကျခဲ့ရပါတယ်၊ လက်ရှိမှာ အဲဒီစီမံကိန်းကလည်း အကြောင်းကြောင်းကြောင့် ရပ်နားထားရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒါကြောင့် ပါဝင်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တော့လို့ နုတ်ထွက်ခဲ့တာပါ" လို့ အသင်းပိုင်ရှင်ဦးလှဌေးက ပြောဆိုခဲ့ပါတယ်။ 


ဇွဲကပင်အသင်းအနေနဲ့ ကစားသမားတွေကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်မှာ လစာငွေထက်ဝက်သာပေးချေခဲ့ပြီး နစ်နာကြေးပေးချေမှုမရှိတာကြောင့် ကစားသမားတွေဘက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး နစ်နာကြေး ၃လစာရယူလိုတယ်လို့ တောင်းဆ်ိုခဲ့ပါတယ်။ ဒီအပေါ်မှာလည်း သူ့အနေနဲ့ ကစားသမားတွေကို ဘောလုံးပွဲတွေမရပ်နားခင်အချိန်ထိ လစာငွေပေးချေထားခဲ့တယ်လို့ ဦးလှဌေးက ရှင်းပြခဲ့ပါတယ်။ 

"တကယ်က ဒီပြိုင်ပွဲတွေမရပ်နားခင်အထိ ပုံမှန်လစာတွေပေးထားခဲ့တာပါ၊ ဒါပေမယ့် ရပ်နားခဲ့ပြီးနောက် အခက်အခဲတွေကြောင့် လစာငွေတစ်ဝက်ပဲပေးချေဖို့ စီစဉ်ခဲ့တာပါ၊ ကျွန်တော်တို့ အသင်းပိုင်ရှင်ဘက်မှာလည်း အခက်အခဲတွေကရှိနေတာဆိုတော့ နှစ်ဖက်မျှကြည့်ရင်တော့ အကောင်းဆုံးပေါ့" လို့ ဦးလှဌေးကဆိုပါတယ်။ 


"ဘောလုံးလောကကနေ ကျွန်တော်ထွက်ခွာသွားတာမဟုတ်ပါဘူး၊ ဆက်ရှိနေမှာပါ၊ လူငယ်အကယ်ဒမီတွေကစပြီး အကောင်းဆုံးဖြစ်အောင်လုပ်သွားဖို့ ကျွန်တော့်မှာစီစဉ်ထားတာတွေလည်းရှိပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ ဇွဲပင်ယူနိုက်တက်အသင်းကတော့ ၂၀၁၀ ကနေ စတင်ပြီး မြန်မာနေရှင်နယ်လိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ 


Author


က္က