အမှားနည်းခဲ့တာကြောင့် ယာယီနည်းပြ ဦးမျိုးမင်းထွန်းအနေနဲ့ လက်ရွေးစင်နည်းပြ ဘဝအဖွင့်မဆိုးဘူးလိုဆိုနိုင်ပါတယ်။
Ye Yint Htay
ယာယီနည်းပြချုပ် ဦးမျိုးမင်းထွန်းရဲ့မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဖီဖာနိုင်ငံတကာခြေစမ်းပွဲအဖြစ် ဒီညနေ ၆နာရီမှာ တရုတ်(တိုင်ပေ)အသင်းနဲ့ကစားခဲ့ရာမှာတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။

ဒီနေ့ညနေ ၆နာရီမှာ မန္တလေးမြို့၊ မန္တလာသီရိကွင်းမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ တရုတ်(တိုင်ပေ) လက်ရွေးစင်ဘောလုံးအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို နိုင်ငံခြားသားနည်းပြရှာဖွေနေစဉ်ကာလအတွင်း ယာယီနည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်းက တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။



နည်းပြ ဦးမျိုးမင်းထွန်းဟာ ပွဲမတိုင်ခင်ကတည်းက ကြိုတင်ပြောခဲ့သလိုပဲ ၄-၃-၃ ကစားကွက်ကိုမသုံးပဲ ၄-၄-၂နဲ့ပဲအသင်းကို ပွဲထုတ်ခဲ့ပါတယ်။ ပွဲထွက်လူစာရင်းမှာ မြောင်တောင်တိုက်စစ်မှူး အောင်သူပါဝင်လာခြင်းမရှိပဲ လူငယ်ကစားသမားတွေဖြစ်တဲ့ မင်းကျော်ခန့်၊ လာဒင်မောရာတို့ကိုပွဲထုတ်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ပထမပိုင်း မိနစ်၃၀ဝန်းကျင်အထိ တရုတ်(တိုင်ပေ)အသင်းဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေမလုပ်နိုင်ခဲ့ပေမယ့် အမှားနည်းအောင်တော့ ထိန်းကစားနိုင်ခဲ့ပါတယ်။ တရုတ်(တိုင်ပေ)အသင်းရဲ့အမြင့်ဘောတွေကနေတဆင့်ထိုးဖောက်မှုတွေကိုလည်း ဂိုးသမား ကျော်ဇင်ထက် ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၅မိနစ်မှာတော့ ကွင်းလယ်က အောင်မြင့်ထွန်းအစား တိုက်စစ်မှူး အောင်သူ ဝင်ရောက်ကစားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းကွင်းလယ်မှာ ငြိမ်းချမ်းအောင်ဝင်ရောက်လာပြီးနောက်ပိုင်း အောင်သူ၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင်၊ ရန်နိုင်ဦးတို့ရဲ့ ယူ-၂၀ တကျော့ပြန်တိုက်စစ်အတွဲကြောင့် ကစားပုံတက်လာပြီး ဂိုးသွင်းခွင့်တွေလည်းရလာခဲ့ပါတယ်။ ငြိမ်းချမ်းအောင်နဲ့ ရန်နိုင်ဦးတို့ရဲ့ကန်ချက်တွေကို တရုတ်(တိုင်ပေ)ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ မြန်မာအသင်း ဂိုးမရခဲ့တာပါ။

အပူရှိန်ကြောင့် ဒုတိယပိုင်း လက်ကျန်မိနစ်တွေမှာနှစ်သင်းစလုံး ကစားပုံကျခဲ့ပြီး ပွဲအပြီးမှာတော့ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။ မြန်မာအသင်းကစားပုံဟာ ဒီနေ့ပွဲမှာ တရုတ်(တိုင်ပေ)ကို အပြန်အလှန်ကစားနိုင်ခဲ့ပြီး အမှားနည်းခဲ့တာကြောင့် ယာယီနည်းပြ ဦးမျိုးမင်းထွန်းအနေနဲ့ လက်ရွေးစင်နည်းပြ ဘဝအဖွင့်မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က