ဧရာဝတီယူနိုက်တက်အသင်းကိုလည်း ဖီဖာနဲ့ အေအက်ဖ်စီက လာရောက်စစ်ဆေးခဲ့ဖူးပါတယ်။
Ye Yint Htay

၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ကာဂျစ်စ္စတန်အသင်းနဲ့ မြန်မာအသင်းပွဲစဉ်ကို လုပ်ပွဲသံသယရှိသဖြင့် ဖီဖာနဲ့အေအက်ဖ်စီတာဝန်ရှိသူတွေလာရောက်စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က Duwun Sports ကိုအတည်ပြုပြောကြားခဲ့ပါတယ်။ 

ကာဂျစ္စတန်အသင်းကို ၇-ဝဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲကို လုပ်ပွဲသံသယရှိတာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နဲ့ အာရှဘောလုံးအဖွဲ့ချုပ်(AFC) က မြန်မာနိုင်ငံကိုလာရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။ မြန်မာနဲ့ကာဂျစ္စတန်အသင်းတို့ဟာ ကမ္ဘာ့အဆင့်ကွာဟချက်သိပ်မရှိတာကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့အပေါ် ဖီဖာနဲ့အေအက်ဖ်စီရဲ့လုပ်ပွဲစောင့်ကြည့်ရေးအဖွဲ့ကနေပြီး သံသယရှိခဲ့တာပါ။ ဖီဖာနဲ့အေအက်ဖ်စီတာဝန်ရှိသူတွေ လာရောက်စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့သတင်းကို အတည်ပြုနိုင်ဖို့အတွက် မြန်မာဖူဆယ်လိဂ်နောက်ဆုံးပွဲစဉ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်နဲ့တွေ့ဆုံခဲ့စဉ် Duwun Sports ကမေးမြန်းခဲ့ရာမှာ ဟုတ်မှန်ကြောင်းအတည်ပြုဖြေကြားခဲ့ပါတယ်။ 



“ဖီဖာမှာက လုပ်ပွဲသံသယစောင့်ကြည့်တဲ့အဖွဲ့ရှိတယ်။ လောလောဆယ်သူတို့ Video Analysis လုပ်နေတယ်။ လိုအပ်တဲ့သူတွေကို တွေ့ဆုံမေးမြန်းတာတွေလုပ်နေတယ်။ ဒီအတွက် အဖွဲ့ချုပ်ကလည်း လိုတာတွေ ကူညီပေးနေပါတယ်။ သတင်းကိုတော့ အမှန်တကယ်မဟုတ်ခဲ့ရင် နစ်နာမှာစိုးလို့ နှစ်ဖက်စလုံးကထုတ်ပြန်မှာမဟုတ်ပါဘူး”လို့ ဦးဇော်ဇော်ကပြောပါတယ်။ ကာဂျစ္စတန် ၇-၀ မြန်မာပွဲစဉ်ကို မွန်တီနီဂရိုးနည်းပြ ရာဂျုလိုဗစ်တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီပွဲရလဒ်ကြောင့် မြန်မာ့လက်ရွေးစင်နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

လုပ်ပွဲသံသယနဲ့ပတ်သက်ပြီး မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းကိုလည်း ဖီဖာနဲ့ အေအက်ဖ်စီက လာရောက်စစ်ဆေးခဲ့ဖူးပြီး သက်သေမခိုင်လုံတဲ့အတွက် လုပ်ပွဲသံသယကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ 2015 AFC Cup ၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ မလေးရှားစူပါလိဂ်ကလပ် ဂျိုဟိုးအသင်းကို ၅-ဝဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲကို လုပ်ပွဲသံသယနဲ့ စစ်ဆေးခံခဲ့ရတာပါ။  


Author


က္က