အနားယူချိန်မှာ အသက် ၃၂ နှစ်အရွယ်သာရှိသေးပြီး ထရိန်နင်အပြည့်ရှိတာကြောင့် ရှမ်းအသင်းက လိုအပ်ပါက အချိန်မရွေး ပြန်ကစားပေးဖို့ အဆင်သင့်ပဲလို့လည်း စိုးမင်းဦးက ပြောပါတယ်။
ရှမ်းယူနိုက်တက်အသင်းရဲ့ မြန်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး စိုးမင်းဦးကတော့ ၂၀၁၉ မြန်မာနေရှင် နယ်လိဂ် မစခင်မှာပဲ ကစားသမားဘဝက အနားယူသွားပါပြီ။
“ကျွန်တော် ဒဏ်ရာကြောင့်နားတာတော့ မဟုတ်ပါဘူး။ အသင်းနဲ့လည်း စာချုပ်သက်တမ်းကျန်နေပါသေးတယ်။ ဒါပေမယ့် အသစ်ရောက်လာတဲ့ နည်းပြချုပ်ဦးမင်းသူနဲ့ ဆွေးနွေးခဲ့မှုမှာတော့ သူကလည်း လူငယ်တွေကို နေရာပေးချင်တယ်၊ ကျွန်တော်ကလည်း လူငယ်တွေကို နေရာပေးချင်ပြီ၊တစ်ကယ်လို့ ပွဲထွက်ခွင့်မရတော့မယ့်အချိန်မှာလည်း အသင်းပြောင်းဖို့ စိတ်ကူးမရှိထားလို့ အခုလို အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။” လို့ စိုးမင်းဦးက ပြောပါတယ်။
စိုးမင်းဦးအနေနဲ့ ပရော်ဖက်ရှင်နယ်လိဂ်မစတင်ခင်ကတည်းက ရှမ်းယူနိုက်တက်အသင်း(ယခင် ကမ္ဘောဇ)မှာ ကစားလာခဲ့တဲ့ ကစားသမားဖြစ်ပြီး ၁၂ ကျော် ကျင်လည်ခဲ့တဲ့အသင်းကို ပြိုင်ဖက်အဖြစ် ရင်မဆိုင်ချင်လို့ အနား ယူခဲ့တာလို့လည်း သိရပါတယ်။
“ အသင်းက လူငယ်တွေကို ကျွန်တော် နေရာပေးချင်ပါပြီ။မနှစ်ကတည်းက ကျွန်တော်ပွဲထွက်ခွင့်မရတော့ပါ ဘူး။ ဒါကလည်း အသက်အရွယ်အရ ကျွန်တော် နားလည်ပါတယ်။တစ်ခုပဲ ရှိတာက ပွဲထွက်ခွင့်ရတဲ့ အသင်းကို ပြောင်းပြီး ရှမ်းအသင်းကို ရင်မဆိုင်ချင်ပါဘူး။ဒါကြောင့်ပဲ အနားယူဖို့ ဆုံးဖြတ်ချက်ချလိုက်တာပါ။ ဒါပေမယ့် ကျွန်တော် ထရိန်နင်အပြည့်ရှိပါတယ်။ အသင်းက လိုအပ်လာရင်တော့ အချိန်မရွေး ပြန်ကစားပေးဖို့ အသင့်ပါပဲ။”လို့ စိုးမင်းဦးက ပြောခဲ့ပါသေးတယ်။
အနားယူချိန်မှာ အသက် ၃၂ နှစ်အရွယ်သာရှိသေးပြီး C လိုင်စင်အောင်မြင်ထားလို့ ရှမ်းယူနိုက်တက်ရဲ့ နည်းပြအဖွဲ့မှာ ပူးတွဲ လုပ်ဆောင်သွားမှာပါ။ စိုးမင်းဦးအနေနဲ့ ၂၀၀၉ လာအိုဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းမှာ ရွေးချယ်ခံခဲ့ရသလို ဖိလစ်ပိုင် ငြိမ်း ချမ်းရေးဖလားကို ရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ပါဝင်ခဲ့သူပါ။ ဒါ့အပြင် ၂၀၁၄ ခုနှစ်က ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားကို မြန်မာအသင်းရယူနိုင်ခဲ့တာကလည်း စိုးမင်းဦး ရဲ့နောက်ကျ အနိုင်ဂိုးကြောင့် ဖြစ်ပါတယ်။