အောင်သူက မက်ဆီ ဝတ်ဆင်နေတဲ့ ဖိနပ်အမျိုးအစားကို ရွေးချယ်ထားပါတယ်။

ဒါဟာ အောင်သူအတွက်တော့ ဒီဖိနပ်အမျိုးအစားကို နောက်ထပ်တစ်ကြိမ် ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြောင်တောင်ယူနိုက်တက်အသင်းကို ရတနာပုံအသင်းကနေ အငှားနဲ့ သွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ Adidas က ထုတ်လုပ်ထားတဲ့ Nemeziz Messi လို့ အမည်ရတဲ့ ဖိနပ်ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။



အောင်သူ နောက်ဆုံးဝတ်ဆင်ကစားခဲ့တဲ့ ဖိနပ်ကတော့ Adidas ကပဲ ထုတ်လုပ်ထားတဲ့ X 18.1 ဖိနပ်အမျိုးအစားဖြစ်ပြီး ပြီးခဲ့တဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ အောင်သူ ဝတ်ဆင်ကစားနေတဲ့ ဖိနပ်ကတော့ Mizuno Rebula V1 ဖိနပ်ဖြစ်ပြီး အခုအခါမှာတော့ ဖိနပ်ပြောင်းလဲ ဝတ်ဆင်ကစားတော့မယ်လို့ သိရပါတယ်။

အောင်သူ ဝတ်ဆင်မယ့် ဖိနပ်ဟာ ဒီရာသီမှာ မက်ဆီ ဝတ်ဆင်ကစားနေတဲ့ ဖိနပ်အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒီဖိနပ်က ကစားသမားရဲ့ ဘောလုံးနဲ့အတူ ဆွဲပြေးမှု၊ ပြိုင်ဘက်ကို လိမ်ခေါက်ကျော်လွှားမှုတွေကို ပြုလုပ်လေ့ရှိတဲ့ ကစားသမားတွေအတွက် Adidas က အထူးပြုလုပ်ပြီး ချုပ်လုပ်ပေးထားတဲ့ ဖိနပ်အမျိုးအစားလည်း ဖြစ်ပါတယ်။

မက်ဆီကတော့ ဒီရာသီမှာ လာလီဂါသွင်းဂိုး (၂၂) ဂိုး၊ အခြားပြိုင်ပွဲစုံ သွင်းဂိုး (၈)ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဘောလုံးကို လိုရာရောက်ဖို့အတွက် နည်းပညာသုံးချုပ်လုပ်ထားတဲ့ ဖိနပ်တွေကို အားကစားကုမ္ပဏီတွေက ဆန်းသစ်တီထွင်ပြီး ချုပ်လုပ်ပြီးနောက်မှာ ဘောလုံးကန်ဖိနပ်ကလည်း ကစားသမားတစ်ဦးအတွက် အရေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းဖြစ်လာခဲ့ပါတယ်။

အောင်သူကလည်း ဒီဖိနပ်ကို ၂၀၁၆ ခုနှစ်တုန်းက ရတနာပုံအသင်းမှာ ကစားနေစဉ်ကလည်း ဝတ်ဆင်ကစားခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြဂိုးသွင်းယူနိုင်မှုတွေ ရှိခဲ့ပါတယ်။ မြောင်တောင်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြကစားနိုင်ဖို့ ကြိုးစားနေတဲ့ အောင်သူဟာ ဒီတစ်ကြိမ်မှာလည်း Nemeziz Messi ဖိနပ်နဲ့အတူ ခြေစွမ်းပြဂိုးသွင်းနိုင်ဦးမလား စိတ်ဝင်စားစရာပါပဲ။ ဒီဖိနပ်ရဲ့ အနိမ့်ဆုံးတန်ဖိုးဟာ ၂၂၅ ဒေါ်လာတန်ကြေးရှိပြီး ပေါင်ငွေအားဖြင့် ၁၈၀ ပေါင်၊ ယူရိုငွေအားဖြင့် ၂၁၉ ယူရို တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က