ရန်ကုန်မှာ ကစားခဲ့တဲ့ ဧရာဝတီနဲ့ ချင်းလန်း ပွဲစဉ်မှာတစ်ဖက် တစ်ဂိုးစီ သရေကျခဲ့လို့ ရန်ကုန်အသင်း အမှတ်ပေးဇယားကို ရမှတ် ၆ မှတ်နဲ့ ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
Photo - Yadanabon Fc
မန္တလေးမြို့ ဗထူး အားကစားကွင်းမှာ ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့ ရန်ကုန်အသင်းတို့ရဲ့ မြန်မာပြည်ဒါဘီပွဲမှာ တော့ အိမ်ရှင် ရတနာပုံအသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ ရန်ကုန်အသင်းအတွက်တော့ ၂ပွဲနိုင် ၆ မှတ်ရရှိထားလို့ ၃ ပွဲမြောက်မှာ ပထမဆုံး ရှုံးပွဲနဲ့ စတင် ကြုံတွေ့ခဲ့ရသလို ရတနာပုံအသင်းကတော့ ၃ ပွဲမြောက်မှာ ပထမဆုံး နိုင်ပွဲကို ရရှိခဲ့တာပါ။
ရတနာပုံနဲ့ ရန်ကုန်ဆိုတာ အစဉ်အလာအရ တွေ့ဆုံတိုင်း အကြိတ်အနယ်ရှိခဲ့တာနဲ့ အညီ ဒီကနေ့ ပွဲမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းက နိုင်ငံခြားသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကို အိမ်ကွင်းမှာ ဖိဖိစီးစီး ကစားသွားနိုင်တာကတော့ အနာဂတ် မြန်မာ့လက်ရွေးစင်အသင်း အတွက် အားရကျေနပ်စရာအချက်ပါပဲ။
Photo - Yadanabon Fc
ရတနာပုံအသင်းက ဦးဆောင်ဂိုးစရခဲ့တာပါ၊ ပွဲကစားချိန် ၁၇ မိနစ်မှာ ဝင်းနိုင်စိုးက လှလှပပ ရန်ကုန်နောက်ခံလူကို ကျော်ပြီး ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့ အပြင်းကန်သွင်းရယူခဲ့တာပါ။ ၃၀ မိနစ်မှာတော့ ရန်ကုန်အသင်း ချေပဂိုးရခဲ့ပြီး မောင်မောင်လွင်၊ကြည်လင်းအတွဲကနေ ကွင်းလယ်လူ မေလာက ခေါင်းတိုက်သွင်းယူခဲ့တာပါ။
ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေပြီး ဒုတိယပိုင်း ပြန်အစ ၃ မိနစ်မှာတော့ ရတနာပုံအသင်း ပြစ်ဒဏ်ဘောရခဲ့ပါ တယ်။ ဒီပြစ်ဒဏ်ဘောကို ကွင်းလယ်လူ လှိုင်းဘိုဘိုက လှလှပပ ဂိုးသမား ဆန်းဆက်နိုင်ရဲ့ ဘယ်ဖက်ထောင့်ထဲကို တိုက်ရိုက်ကန်သွင်းပြီး ရတာနာပုံအသင်းကို ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။
ဆက်တိုက်ဆိုသလို ရတနာပုံအသင်းကပဲ တတိယဦးဆောင်ဂိုးရခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာ လူငယ်တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ရန်ကုန်နောက်ခံလူနဲ့တစ်ဦးချင်း ဘောလုံးယှဉ်လုပြီး ဘယ်ခြေနဲ့အပြင်းကန်သွင်း ရယူပေးခဲ့ပြန်ပါတယ်။
၃-၁ ဂိုးနဲ့ ရတနာပုံအသင်း ဦးဆောင်နေချိန် ရန်ကုန်အသင်း လူစားလဲမှု ပြုလုပ်ခဲ့ပြီး လူငယ် တိုက်စစ်မှူး ကောင်းထက်စိုးကို ထည့်သွင်းခဲ့ပါတယ်။ လူစားလဲမှု မှန်ကန်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ကောင်းထက်စိုးက ၇၁ မိနစ်မှာ ပြေးပြေးလွှားလွှားနဲ့ ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့လို့ ၃-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ မိနစ် ၂၀ ဆက် ကစားခဲ့ရ ပါတယ်။
လက်ကျန်ပွဲချိန်တွေမှာ ရန်ကုန်အသင်း လိုအပ်နေတဲ့ ချေပဂိုးတစ်ဂိုးကို ဘယ်လိုမှ မရှာဖွေနိုင်တော့သလို ရတ နာပုံအသင်းကလည်း အဖိုးတန် ဦးဆောင်ဂိုးကို ထိန်းသိမ်းသွားနိုင်လို့ ပွဲအပြီးမှာတော့ ရတနာပုံအသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လက်ရှိ ချန်ပီယံ ရန်ကုန်အသင်းကတော့ ဟံသာဝတီ၊ချင်းလန်းတို့ကို အနိုင်ရပြီး ရမှတ် ၆ မှတ်ရထားပေမယ့် အခုပွဲရှုံးနိမ့်ခဲ့လို့ မကွေးကို အနိုင်ရတဲ့ ဟံသာဝတီနဲ့ ၆ မှတ်ချင်းတူညီတဲ့အနေအထားကို ရောက်ရှိသွားပါပြီ။