အကြိမ် ၃၀ မြောက် ဆီးဂိမ်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းထားတဲ့ စကိတ်အားကစားနည်းကို မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဖွဲ့စည်းရခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံ စကိတ်စီးအားကစား အဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းနိုင်ဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
၃၀ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားတဲ့ မြန်မာနိုင်ငံ စကိတ်စီးအားကစားဝါသနာ ရှင်များအသင်းကို ယခုအခါ မြန်မာနိုင်ငံ စကိတ်စီး အားကစား အဖွဲ့ချုပ်အဖြစ် တရားဝင် ဖွဲ့စည်းခွင့်ပြု လိုက်ပြီလို့ သိရပါတယ်။
“ကျွန်တာ်ထိုင်းမှာ ပြိုင်ပွဲသွားကစားနေစဉ်မှာပဲ အဖွဲ့ချုပ်ဖွဲ့စည်းခွင့်ပြုပါပြီဆိုတဲ့ စာရောက်လာပါတယ်။ ဒါကြောင့် ကျွန်တော့်ဆီကနေ Bio Data ပေးနိုင်ပြီဆိုရင် အဖွဲ့ချုပ်ပီပီပြင်ပြင် ဖြစ်လာပါပြီ။ ဒါကြောင့် ဒီလ ကုန်ရင်တော့ အဖွဲ့ချုပ်အနေနဲ့ရပ်တည်နိုင်ဖို့ ရှိနေပါပြီ” မြန်မာနိုင်ငံ စကိတ်စီး အားကစားအသင်း ဒု-ဥက္ကဌ ဦးလွင်လတ်က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ စကိတ်အားကစားကို ပထမဆုံး အကြိမ်ထည့်သွင်းကျင်းပလာခဲ့တာကြောင့် မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခွင့် ရရေး စကိတ်စီးအသင်းအနေနဲ့ ဝန်ကြီးဌာနထံ တင်ပြခဲ့တာဖြစ်ပါတယ်။
ထို့နောက်မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားခဲ့ပြီး ယခုအခါ ကျန်ရှိနေသေးတဲ့ အဖွဲ့ချုပ်အဖြစ် ဖွဲ့စည်းနိုင်ရေးကိုပါ တရားဝင် ခွင့်ပြုလိုက်တာလို့ သိရပါတယ်။။
“ စကိတ်ကို အဖွဲ့ချုပ်ဖွဲ့ဖို့ ခွင့်ပြုလိုက်တာ ဟုတ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ လက်ရိှိမှာလည်း ဆီးဂိမ်း ပြိုင်မယ့် အဖွဲ့အစည်းထဲမှာ တစ်အခု အပါအဝင် အဖြစ် လက်ခံ ရရှိထားပါတယ်။” လို့ အား/ကာသိပ္ပံ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက DuwunSportsကိုပြောပါတယ်။
အဖွဲ့ချုပ် ဖြစ်လာမယ့် စကိတ်စီးအားကစားအသင်းကတော့ မြန်မာနိုင်ငံရဲ့ ၄၉ ဖွဲ့မြောက် အားကစား အဖွဲ့ချုပ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံစကိတ်စီးအားကစားဝါသနာရှင်များအသင်းကတော့ လက်ရှိမှာ ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံက ကျင်းပတဲ့ ၂၀၁၉ခုနှစ် Extreme Games ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွှေ(၃)ခု၊ကြေး (၅)ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။