မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဘောလုံးလောကတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး နည်းစနစ်ဒါရိုက်တာ ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလူမျိုး အဲရစ်အက်ဘရမ်ကို ခန့်အပ်ခဲ့တာ ဖြစ်ပြီး အဲရစ်အက်ဘရမ်ဟာ လက်ရှိ ကမ္ဘာ့အဆင့် (၁) အဖြစ် ရပ်တည်နေတဲ့ ဘယ်လ်ဂျီယံ ရွှေရောင်မျိုးဆက်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
အဲရစ်အက်ဘရမ်ဟာ လူကာကူ၊ အီဒင်ဟာဇက်၊ သော်ဂန်ဟာဇက်၊ ဒီဘရိုင်း၊ အယ်လ်ဒါဝီရယ်၊ မစ်ဂ်နိုလတ် အစရှိတဲ့ ဘယ်လ်ဂျီယံ နာမည်ကျော် ကစားသမားတွေကို ပြုစုပျိုးထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အဲရစ်အက်ဘရမ်ကို ခန့်အပ်ခဲ့မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လည် (၂)နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။
ဒီ သတင်းစာရှင်းလင်းပွဲမှာ အဲရစ်အက်ဘရမ်ကို ခန့်အပ်ခဲ့ပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ CEO ဦးဘုန်းနိုင်ဇော် က အခုလို ပြောကြားခဲ့ပါတယ်။
"အဲရစ်အက်ဘရမ်ကို ခန့်အပ်ခဲ့တာက မြန်မာ့ဘောလုံးတိုးတက်ဖို့အတွက် ရှေ့ကို ခြေတစ်လှမ်းတိုးနိုင်ခဲ့တာပါ၊ ကျွန်တော်တို့ ဘောလုံးလောကရဲ့ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်၊ အဲရစ်ကို ခန့်အပ်ဖို့အတွက် ကျွန်တော်တို့ အဖွဲ့ချုပ် တာဝန်ရှိသူတွေ အားလုံး အတူတကွ ပူးပေါင်းစဉ်းစားခဲ့ပြီးနောက်မှာ ခန့်အပ်ဖို့ ရွေးချယ်ခဲ့တာပါ" လို့ ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။
"အဲရစ်နဲ့ အနည်းဆုံး (၃)နှစ်စာချုပ် ကျွန်တော်တို့ ချုပ်ဆိုထားပါတယ်၊ သူက ဒီကိုမလာခင်မှာ သြစတြေးလျဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် (၄)နှစ်လောက် တာဝန်ယူခဲ့သူပါ၊ ဒါပေမယ့် ကျွန်တော်တို့ အလုပ်လုပ်ကိုင်တဲ့အခါမှာ ပုံစံတူကူးချတာမျိုး၊ မိတ္တူကူးတာမျိုး လုပ်သွားမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ နိုင်ငံနဲ့ သင့်တော်ကိုက်ညီတဲ့ ပုံစံနဲ့ ဆောင်ရွက်သွားမှာပါ" လို့ သူက ထပ်ပြောပါတယ်။
ယူရို (၂၀၀၀) ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံက အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီပြိုင်ပွဲမှာ သူတို့တွေ မအောင်မြင်ခဲ့ပါဘူး၊ အဲဒီနောက်မှာ မစ္စတာအဲရစ် ပါဝင်ခဲ့တဲ့ အဖွဲ့က ဘယ်လ်ဂျီယံဘောလုံးလောက တိုးတက်ဖို့အတွက် ပရော့ဂျက်တွေ စတင်ခဲ့တာပါ၊ ဒီ ပရော့ဂျက်က (၁၂)နှစ်ကြာမြင့်ခဲ့ပါတယ်၊ အဲဒီနောက်မှာ ဘယ်လ်ဂျီယံအသင်းက အခုလိုမျိုး ဖြစ်တည်လာခဲ့တာပါ"
"သူက သက်တမ်းအလိုက် လူငယ်အသင်းတွေကို တာဝန်ယူသွားမှာပါ၊ ပြီးတော့ လက်ရွေးစင် အမျိုးသားအသင်း နဲ့ အမျိုးသမီးအသင်းတွေမှာ အကြံပေးအဖြစ်လည်း ပါဝင်ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ ရေရှည်စီမံကိန်းနဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီး တစ်ဆင့်ချင်းစီ ရှေ့ဆက်သွားမှာပါ" လို့ အဲရစ်အက်ဘရမ် တာဝန်ယူမယ့်အပိုင်းတွေကိုလည်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
အဲဒီနောက်မှာ Duwun Sports နဲ့ မစ္စတာအဲရစ်အက်ဘရမ်တို့ သီးသန့်တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ မြန်မာကစားသမားတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုပုံစံအရ တခြားနိုင်ငံများထက်စာရင် လူကောင်သေးပါတယ်၊ ဒါက စားသောက်တဲ့ ပုံစံကြောင့် ဖြစ်ပါတယ်၊ ဒီအပေါ်မှာ အဲရစ် အနေနဲ့ ဘယ်လိုမျိုး မှတ်ချက်ပြုချင်လဲ ဆိုတာကို မေးမြန်းခဲ့တာပါ။ အဲရစ်အက်ဘရမ်ကတော့ Duwun Sports ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။
"အာရှမှာ ဂျပန်၊ ကိုရီးယား၊ အီရန်တို့လည်း လူကောင်မှ မကြီးတာ၊ ဒါပေမယ့် သူတို့တွေ ဘယ်လိုကစားနေလဲ အားလုံးတွေ့ကြမှာပါ၊ သူတို့ကို အရပ်ရှည်လာအောင် ကျွန်တော် လုပ်ပေးမှာမဟုတ်ဘူး၊ အားထုတ်သွားမှာ မဟုတ်ဘူး၊ ကျွန်တော်က သူတို့ကို နည်းစနစ်ပိုင်း ကျွမ်းကျင်လာအောင်၊ အရည်အသွေးပြည့်ဝအောင်ပဲ လေ့ကျင့်ပေးသွားမှာပါ၊ ကျွန်တော့်ကို ဒီမေးခွန်းလာမေးရင် ကျွန်တော် ချက်ချင်းပဲ အခုလိုပြန်ဖြေလိုက်မှာပဲ၊ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီတို့ ဘောလုံးလောကမှာ ဘာလို့ အကောင်းဆုံး ကစားသမားတွေ ဖြစ်နေတာလဲလို့လေ " လို့ သူက ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။