ဒီနေ့မှာ မကွေး-ဟံသာဝတီပွဲစဉ်ကို ကစားသွားကြမှာပါ။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၅) ကတော့ ဒီနေ့မှာ ကစားမယ့် မကွေး နဲ့ ဟံသာဝတီယူနိုက်တက်တို့ပွဲစဉ်နဲ့ စတင်မှာပါ။ ပွဲစဉ် (၄) အပြီးမှာ ဟံသာဝတီက ပွဲတိုင်းအနိုင်ရရှိထားပြီးတော့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက် နဲ့ ဧရာဝတီယူနိုက်တက်တို့က ၂မှတ်အကွာနဲ့ ဖိအားပေးနေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် (၄)မှာ ရှမ်းယူနိုက်တက် နဲ့ ရတနာပုံတို့ ရှုံးပွဲကြုံခဲ့ကြပြီး ဒီတစ်ပတ်မှာတော့ သူတို့နှစ်သင်းထိပ်တိုက်တွေ့နေတာကြောင့် ဘယ်အသင်းက ရှုံးပွဲကနေ ရုန်းထွက်ပြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။


မကွေး - ဟံသာဝတီ

လေးပွဲဆက်တိုက်နိုင်ပွဲယူထားတဲ့ ဟံသာဝတီအတွက်တော့ နောက်ထပ်နိုင်ပွဲတစ်ပွဲရရှိဖို့ ရှိနေပါတယ်။ မကွေးက ၄ပွဲကစားအပြီးမှာ ၁ပွဲသာ အရေးနိမ့်ထားတယ်ဆိုပေမယ့်လည်း သူတို့ရဲ့ခြေစွမ်းပိုင်းက အားရစရာမရှိပါဘူး။ အနိုင်ရထားတဲ့အသင်းကလည်း ဆောက်သမ်းဖြစ်လို့ ခြေစွမ်းပိုင်းကောင်းမွန်တယ်လို့ ယုံကြည်လို့မရဘူးဖြစ်နေပါတယ်။ ဟံသာဝတီကတော့ ပွဲတိုင်းအနိုင်ကစားထားပြီး စိတ်ပိုင်းဆိုင်ရာအရရော၊ ခြေစွမ်းအရပါ အကောင်းဆုံးဖြစ်နေပါတယ်။ ဟံသာဝတီတို့ ၅ပွဲဆက်နိုင်ပွဲကို ရယူသွားနိုင်ပါလိမ့်မယ်။


ဧရာဝတီ - ဆောက်သမ်း

ရှမ်းယူနိုက်တက်ကို အနိုင်ကစားထားတဲ့ ဧရာဝတီနဲ့ ဒီရာသီပွဲတိုင်းရှုံးနိမ့်ထားတဲ့ ဆောက်သမ်းတို့ပွဲကတော့ အိမ်ရှင်အနိုင်သေချာနေပါတယ်။ ဦးမျိုးလှိုင်ဝင်းပွဲပယ်ခံထားရပေမယ့် ဧရာဝတီက နိုင်ပွဲဆက်နေပြီး လိုအပ်တဲ့ရမှတ်တွေကို စုဆောင်းထားနိုင်ခဲ့ပါတယ်။ အခုကစားရမယ့်အသင်းကလည်း ဆောက်သမ်းဖြစ်နေလို့ ကျောက်တိုင်ကွင်းမှာ ဧရာဝတီတို့ ဂိုးဘယ်လောက်ထိသွင်းမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ 


ဇွဲကပင် - စစ်ကိုင်း

ဇွဲကပင်က ပြီးခဲ့တဲ့တစ်ပတ်ကမှ မကွေးနဲ့ ဂိုးမရှိသရေကျပြီး ပထမဆုံးရမှတ်ရရှိထားတာပါ။ စစ်ကိုင်းကတော့ ရှုံးပွဲဆက်နေပေမယ့် သူတို့ရင်ဆိုင်ခဲ့ရတဲ့အသင်းတွေက အသင်းကြီးတွေဖြစ်ပါတယ်။ ရတနာပုံကို သရေ၊ ရှမ်းနဲ့ ရန်ကုန်ကို အရေးနိမ့်ထားတာပါ။ စစ်ကိုင်းက ခြေစွမ်းပိုင်းမညံ့ပါဘူး။ ဇွဲကပင်ထက် ပိုမိုကောင်းမွန်ပြီးတော့ အသင်းလိုက်ကစားပုံလည်း အားရစရာရှိပါတယ်။ ဦးဇော်လင်းထွန်းကို တစ်ကျော့ပြန်နည်းပြအဖြစ်ပြန်မြင်တွေ့ရမယ့်ပွဲဖြစ်ပြီး စစ်ကိုင်းတို့ အနိုင်ရသွားပါလိမ့်မယ်။


ရန်ကုန် - ISPE

ချင်းယူနိုက်တက်ကို အနိုင်ယူပြီးတော့ ISPE တို့ နေရှင်နယ်လိဂ်ပထမဆုံးနိုင်ပွဲကို ပြီးခဲ့တဲ့တစ်ပတ်က ရယူထားခဲ့ပါတယ်။ ရန်ကုန်က စစ်ကိုင်းကို အနိုင်ကစားပြီး အမှတ်ပေးဇယားဒုတိယနေရာမှာပါ။ ခြေစွမ်းပိုင်းရော၊ ကစားသမားပိုင်းမှာပါ ကွာဟချက်ကြီးမားပါတယ်။ ဒါပေမယ့် ရန်ကုန်ရဲ့ အသင်းလိုက်ကစားပုံက အားနည်းချက်တွေရှိနေပြီး ISPE က အသင်းလိုက်ကစားပုံကောင်းပါတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးကို ရန်ကုန်ဘယ်နည်းနဲ့မှ အမှားခံမှာမဟုတ်ပါဘူး။ ပရိသတ်စိတ်ကျေနပ်အောင် ဂိုးပြတ်နိုင်ပွဲတောင် ရယူပေးနိုင်ဖွယ်ရှိပါတယ်။


ရခိုင် - ချင်း

ကစားသမားဇော်သိန်းဝင်းရဲ့ နာရေးရှိခဲ့ပေမယ့် ရခိုင်က အိမ်ကွင်းဝေသာလီမှာ ရတနာပုံလိုအသင်းကိုတောင် အနိုင်ကစားသွားခဲ့ပါတယ်။ တန်းတက်ချင်းယူနိုက်တက်အနေနဲ့ အဝေးကွင်းမှာ အမှတ်တွေပေးခဲ့ရဦးမယ့် အခြေအနေဖြစ်ပြီး ဝေသာလီမှာ ပရိသတ်အားသာချက်နဲ့ ကစားပုံကောင်းလေ့ရှိတဲ့ ရခိုင်ကို ယှဉ်ကစားနိုင်ဖို့မလွယ်ပါဘူး။ ရခိုင်ယူနိုက်တက် အနိုင်သေချာပါတယ်။ 


ရတနာပုံ - ရှမ်းယူနိုက်တက်

ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲပါ။ ပွဲစဉ် ၄ မှာ နှစ်သင်းစလုံး ရှုံးပွဲကြုံထားကြလို့ နိုင်ပွဲပြန်ရှာရမယ့်အချိန်မှာ ထိပ်တိုက်လာတွေ့ကြတာလည်းဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရမကွာဟပေမယ့် ဗထူးကွင်းမှာဆိုရင် ကစားပုံပိုကောင်းတဲ့ ရတနာပုံက ရှမ်းယူနိုက်တက်ကို ကောင်းကောင်းကြိး ဒုက္ခပေးနိုင်ပါတယ်။ ရမှတ်ကွာဟမှုနည်းပါးနေပြီး အထက်အောက်ရပ်တည်နေကြသလို အပေါ်အသင်းတွေနဲ့ အမှတ်ကွာဟချက်ကို လျှော့ချဖို့လည်း လိုအပ်နေလို့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ ဒီရာသီ ရှမ်းကစားပုံက ပြီးခဲ့တဲ့ရာသီကထက် အားနည်းသွားပြီး အဝေးကွင်းတွေမှာဆိုရင် အဆင့်တူအသင်းတွေကို အသာရဖို့မလွယ်ဘူးဖြစ်နေပါတယ်။ ရတနာပုံအနည်းဆုံးသရေကစားနိုင်ပြီး အနိုင်ရဖို့ အခွင့်အလမ်းများပါတယ်။ 



က္က