အပြောင်းအရွှေ့စျေးကွက်ဖွင့်တာနဲ့ စာချုပ်ချုပ်ဆိုသွားမှာပါ။
Pyae Phyo Thein

မြတ်ကောင်းခန့်ဟာ ရတနာပုံအသင်းကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသင်းနဲ့စာချုပ်သစ်ထပ်မံမချုပ်ဆိုတော့ဘဲ ထိုင်းကလပ်ချိုင်းနတ်အသင်းမှာ သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။


ရတနာပုံအသင်းနဲ့ မြန်မာယူ၂၂ ကစားသမား မြတ်ကောင်းခန့်တို့ဟာ စာချုပ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ကာလမရောက်သေးလို့ စာချုပ်ချုပ်ဆိုခြင်းတော့ မပြုရသေးဘူးလို့ ရတနာပုံအသင်းရဲ့ မန်နေဂျာကိုအတာဦးက Duwun Sports ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့ပါတယ်။ 

မြတ်ကောင်းခန့်ဟာ ရတနာပုံအသင်းကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသင်းနဲ့စာချုပ်သစ်ထပ်မံမချုပ်ဆိုတော့ဘဲ ထိုင်းကလပ်ချိုင်းနတ်အသင်းမှာ သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် ချိုင်းနတ်အသင်းနဲ့ ထိုင်းလိဂ်(၂)ကလပ်အတွက် လိဂ်ပွဲတစ်ပွဲမှမကစားခဲ့ရဘဲ စာချုပ်ဖျက်သိမ်းခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါကြောင့် ကလပ်အသင်းဟောင်း ရတနာပုံက သူ့ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပြီးတော့ စာချုပ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ "အသင်းမှာ ပြန်ကစားဖို့အတွက် သူနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရယူထားပြီးပါပြီ၊ ဒါပေမယ့် လက်ရှိက အပြောင်းအရွှေ့စျေးကွက်မဖွင့်သေးတော့ စာချုပ်တော့မချုပ်ရသေးပါဘူး" လို့ ကိုအတာဦးက ပြောပါတယ်။

မြတ်ကောင်းခန့်အနေနဲ့ ပြည်ပကိုနောက်တစ်ကြိမ်ထွက်ကစားဖို့ အခွင့်အရေးရှိလာခဲ့ရင် အသင်းဘက်က စေလွှတ်ပေးမှာလားဆိုတဲ့ မေးခွန်းကိုလည်း "နိုင်ငံခြားထွက်ကစားဖို့ကတော့ ဥက္ကဌက အရင်ကလည်း ကစားသမားတွေကို ပြောင်းကစားဖို့ ခွင့်ပြုခဲ့တာပါပဲ၊ လောလောဆယ်တော့ အသင်းလေ့ကျင့်မှုကို ဇွန်လ ၂၅ ရက်နေ့မှာ စတင်ဖို့လျာထားပါတယ်၊ Social Distancing နဲ့ အညီ လေ့ကျင့်သွားမှာပါ" လို့ ကိုအတာဦးက ဖြေဆိုခဲ့ပါတယ်။

မြတ်ကောင်းခန့်ကတော့ ရတနာပုံအသင်းကြီးအတွက် စုစုပေါင်း ၃၄ ပွဲကစားပေးထားပြီး ၁၂ ဂိုးအထိ သွင်းယူပေးထားခဲ့သူဖြစ်ပါတယ်။ ချိုင်းနတ်အသင်းရဲ့ ခြေစမ်းပွဲတွေနဲ့ ရာသီကြိုဖိတ်ခေါ်ပွဲတွေမှာ မြတ်ကောင်းခန့် ပါဝင်ကစားပေးခဲ့ရပြီး အသင်းအတွက် အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီးနောက်မှာ မထင်မှတ်ဘဲ လမ်းခွဲခဲ့ရတာလည်းဖြစ်ပါတယ်။ 


Author


က္က