ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားတာပါ။
Pyae Phyo Thein

ဧရာဝတီယူနိုက်တက်အနေနဲ့ ပုံမှန်အားဖြင့် ကျိုက္ကဆံအားကစားကွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိအခြေအနေအရ အသုံးပြုခွင့်ရဖို့ ခက်ခဲနိုင်လို့ လိဂ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကာ လေ့ကျင့်ကွင်းရရှိဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရတဲ့ မြန်မာနေရှင်လိဂ်ပွဲစဉ်တွေကို ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ စီစဉ်ထားတယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ကျန်ပွဲစဉ်တွေကိုတော့ ဇူလိုင် ၁၆ ရက်နေ့ကနေ စက်တင်ဘာလ ၁၂ ရက်နေ့အတွင်း အပြီးကျင်းပသွားဖို့ စီစဉ်ထားပြီး နိုင်ငံတော်ဆီက ခွင့်ပြုချက်တောင်းခံသွားမယ်လို့ သိရပါတယ်။ 

ပွဲစဉ်တွေအားလုံးကိုတော့ ရန်ကုန်မှာပဲ ကျင်းပသွားမှဖြစ်ပြီး သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း နဲ့ YUSC တို့မှာ ကျင်းပသွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ဒီအတွက်ကြောင့် ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ ရန်ကုန်မှာပဲ အခြေစိုက်ကာ နေထိုင်လေ့ကျင့်ရမှာဖြစ်ပြီး လက်ကျန်ပွဲစဉ်တွေကို ကစားသွားရမှာဖြစ်ပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဧရာဝတီယူနိုက်တက်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကို Duwun Sports က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ လေ့ကျင့်ရေးကွင်းအခက်အခဲတွေရှိနိုင်တယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဧရာဝတီယူနိုက်တက်အနေနဲ့ ပုံမှန်အားဖြင့် ကျိုက္ကဆံအားကစားကွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိအခြေအနေအရ အသုံးပြုခွင့်ရဖို့ ခက်ခဲနိုင်လို့ လိဂ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကာ လေ့ကျင့်ကွင်းရရှိဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

"ရန်ကုန်မှာပဲ ကျင်းပမယ်ဆိုတာက အခက်အခဲတော့မရှိပါဘူး၊ ပုံမှန်ဆိုရင်လည်း အသင်းတိုင်းက ရန်ကုန်မှာပဲနေထိုင်ပြီး ကစားနေကြတာဆိုတော့လေ၊ လိဂ်ကော်မတီဘက်က အသင်းတွေကို တရားဝင်စာပို့အကြောင်းကြားပြီဆိုရင်တော့ နယ်ရောက်နေတဲ့ ကစားသမားတွေကို ပြန်ခေါ်ဖို့ စီစဉ်သွားမှာပါ၊ ဒီကစားသမားတွေကိုတော့ အပူချိန်တိုင်းတာပြီး စစ်ဆေးသွားမယ်၊ ကွာရန်တင်းဝင်ဖို့တော့မလိုဘူး၊ ဒီအတွက် အသင်းနဲ့မြန်မြန်ပူးပေါင်းလေ့ကျင့်နိုင်တာပေါ့"


"ကျွန်တော်တို့က ကျိုက္ကဆံကွင်းမှာ လေ့ကျင့်ခန်းဆင်းတာပါ၊ အခုတော့ ကွင်းက ရဖို့မလွယ်တေ့ာ လေ့ကျင့်ကွင်းအခက်အခဲတော့ရှိနိုင်တယ်၊ ဒီအတွက် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး လေ့ကျင့်ကွင်းရဖို့အတွက် ပြောဆိုနေပါတယ်၊ အသင်းတွေ အလှည့်ကျလေ့ကျင့်ခန်းလုပ်ဖို့ရှိပါတယ်၊ ဒီအခြေအနေက ကိုယ့်အသင်းတစ်သင်းတည်းမဟုတ်ဘဲ အသင်းတိုင်းကြုံတွေ့ရတာပါ"

"မမျှော်လင့်ထားတဲ့အခြေအနေကြောင့်ဆိုတော့ ပွဲတွေကိုမြန်မြန်ကစားနိုင်ဖို့ စီစဉ်ရတာပေါ့၊ အသင်းမှာလည်း လက်ရွေးစင်အဆင့်ရှိတဲ့ ကစားသမားတွေရှိတော့ သူတို့လည်း ဒီကာလအတွင်းမှာ ကြံ့ခိုင်မှုပိုင်းအတွက် ကိုယ်ပိုင်လေ့ကျင့်ခန်းတွေလုပ်နေကြမှာပါ၊ ပွဲတွေဆက်တိုက်ကစားရမှာဆိုပေမယ့် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရမှာ အခက်အခဲတော့မရှိပါဘူး" လို့ ဦးမျိုးလှိုင်ဝင်းက ပြောဆိုခဲ့ပါတယ်။ 


Author


က္က