loading...

loading...

loading...

မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ အာရှဖလားကို လေးကြိမ်မြောက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ..
Ye Yint Htay

ဒီနေ့ည ၇နာရီမှာကစားခဲ့တဲ့ ၂၀၁၉အာရှယူ-၁၉အမျိုးသမီးခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲမှာ မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ ပွဲချိန် မိနစ် ၂၀ကျော်ကတည်းက အသင်းခေါင်းဆောင် ဇွန်ယုယဦး တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေကို ဆယ်ယောက်တည်းနဲ့ကစားခဲ့ရပေမယ့်လည်း နီပေါကို ၂-၁ဂိုးနဲ့နိုင်ပြီး ခြေစစ်ပွဲအောင်ခဲ့ပါတယ်။

မြန်မာယူ-၁၉အမျိုးသမီးအသင်းပါဝင်တဲ့ အာရှခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွေမှာ သြစတြေးလျနဲ့ ဥဇဘတ်ကစ္စတန်၊ မြန်မာနီပေါအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အရှေ့ပွဲမှာ သြစတြေးလျက ဥဇဘတ်ကို ၄-၁ဂိုးနဲ့အနိုင်ရခဲ့တာမို့ မြန်မာအသင်းဟာ နီပေါနဲ့ပွဲမှာ သရေတစ်မှတ်ရရုံနဲ့ခြေစစ်ပွဲအောင်ဖို့အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန်မှာတော့ မြန်မာကစားသမားတွေစိတ်လှုပ်ရှားနေပြီး အမှားများနေတာကြောင့် မထင်မှတ်ပဲ နီပေါကိုအဖွင့်ဂိုးပေးခဲ့ရပါတယ်။ နီပေါတိုက်စစ်ကို ဟန့်တားရာကနေ အသင်းခေါင်းဆောင် ဇွန်ယုယဦးဆွဲသလိုဖြစ်တာကြောင့် ပင်နယ်တီပေးခဲ့ရသလို ဇွန်ယုယဦးလည်း တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးနဲ့ရှုံးနေခဲ့တဲ့မြန်မာအသင်းဟာ ဒုတိယပိုင်းမှာတော့ တိုက်စစ်ကိုပိုမိုအားပြုကစားလာပြီး ဒုတိယပိုင်းအစပိုင်းမှာပဲ ချေပဂိုးရခဲ့ပါတယ်။ ချေပဂိုးရပြီး မိနစ်အနည်းငယ်အကြာမှာပဲ မြန်မာအသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် ဂိုးမဝင်ခဲ့လို့နစ်နာခဲ့ရပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကိုတော့ ကျောနံပါတ်(၈) မေဖြူကိုက သွင်းယူခဲ့တာပါ။ ဆယ်ယောက်ကျန်မြန်မာအသင်းဟာ ကစားအားကျမသွားပဲ ဒုတိယပိုင်းမှာ သိသိသာသာ ကစားအားကျသွားတဲ့ နီပေါကိုဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်အားနည်းချက်တွေကြောင့် နောက်ထပ်ဂိုးမရတော့ပဲ ၂-၁ဂိုးနဲ့ပဲ အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းပါဝင်တဲ့ ခြေစစ်ပွဲအုပ်စု(က)မှာ သြစတြေးလျအသင်းက ပွဲတိုင်းအနိုင်ရပြီး ရမှတ်ကိုးမှတ်နဲ့ အုပ်စု ပထမ၊ မြန်မာအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်ခြောက်မှတ်နဲ့ အုပ်စု ဒုတိယနေရာနဲ့ ထိုင်းနိုင်ငံမှာကျင်းပမယ့် ၂၀၁၉အာရှယူ-၉အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၉အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို လက်ရှိအချိန်မှာ အိမ်ရှင်ထိုင်း၊ ဂျပန်၊တရုတ်၊ မြောက်ကိုရီးယားအသင်းတို့ တိုက်ရိုက်ဝင်ပြိုင်ခွင့်ရထားပြီး မြန်မာနဲ့သြစတြေးလျတို့ခြေစစ်ပွဲအောင်မြင်ထားကာ အုပ်စု(ခ)က နှစ်သင်း ထပ်မံခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က