ရန်ကုန်အသင်းကတော့ နည်းပြသစ် ဦးမင်းထွန်းလင်း လက်ထက်မှာ နိုင်ပွဲဆက်နေပြီး ယနေ့မှာလည်း စစ်ကိုင်း ယူနိုက်တက်အသင်းကို ၃-၁ဂိုးနဲ့ ထပ်မံ အနိုင်ရရှိခဲ့ပါတယ်။
နည်းပြသစ်လက်ထက် ပထမဆုံးပွဲမှာ ရတနာပုံအသင်းနဲ့ မြန်မာဒါဘီပွဲကစားခဲ့ရပြီး အဆိုပါပွဲမှာလည်း ရန်ကုန် အသင်းက ၃-၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။
ယနေ့ပွဲမှာတော့ ရန်ကုန်အသင်းမှာ အားထားရတဲ့ တောင်ပံ ကစားသမား မောင်မောင်လွင် မပါဝင်နိုင်ခဲ့လို့ ရတ နာပုံကို အနိုင်ရတဲ့ပွဲက မောင်မောင်လွင်နေရာမှာ ဂျပန်ကစားသမား ရှိုရိကို ပြောင်းသုံးတာကလွဲပြီး ကျန် ကစားသမား အပြောင်းအလဲမလုပ်ပဲ ရတနာပုံက အတိုင်း ပွဲထွက်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း ပွဲအစ ၁၂မိနစ်မှာ စစ်ကိုင်းအသင်းကို ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာတော့ မူလ ကစားကွက်ကို ခပ်မြန်မြန်ပဲ ဦးမင်းထွန်းလင်းက ပြောင်းလဲခဲ့ပြီး အောင်ကျော်နိုင်၊ရှိုရိတို့ နေရာမှာ ကြည်လင်း၊ငြိမ်းချမ်းအောင်တို့ ကို အစားထိုးလိုက်ပါတယ်။
လူစားလဲပုံ မှန်ကန်တယ်လို့ ဆိုရမှာ ဖြစ်ပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ကောင်းထက်စိုးနဲ့ လူစားဝင်ကြည်လင်း (ပင်)တို့က အသီးသီးသွင်းယူကာ ပထမပိုင်းမှာ ရန်ကုန်အသင်း ၂-၁နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ရန်ကုန်အသင်းအတွက် တတိယ ဦးဆောင်ဂိုးကိုတော့ ညာနောက်ခံလူ ဇာနည်ထက်က ၅၈မိနစ်မှာ သွင်းယူပေး ခဲ့တာပါ။
စစ်ကိုင်းအသင်းကတော့ ကိုဗစ်အလွန် ပြန်လည်စတင်တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၃ပွဲစလုံးကို ဂိုးပြတ်တွေနဲ့ပဲ ဆက်တိုက် အရေးနိမ့်ထားခဲ့ပါတယ်။
လက်ရှိမှာတော့ ရန်ကုန်အသင်းက ၂ပွဲဆက် အနိုင်ရလဒ်ကြောင့် ထိပ်ဆုံးက ဟံသာဝတီနဲ့ ဧရာဝတီအသင်းတို့ကို ချန်ပီယံဆုအတွက် ဆက်လက် ဖိအားပေးနိုင်ဆဲ ဖြစ်ပြီး စစ်ကိုင်းအသင်းကတော့ ၃ပွဲဆက် အရှုံးကြောင့် အဆင့် ၇ နေရာ၌ပင် ဆက်လက်ရပ်တည်နေရပါတယ်။
စစ်ကိုင်းအသင်းအနေနဲ့ လာမယ့် ပွဲစဥ် ၁၄မှာတော့ ရခိုင်အသင်းနဲ့ တွေ့ဆုံနေပြီး ရန်ကုန်အသင်းကတော့ မကွေး အသင်းနဲ့ ကစားရပါမယ်။