ထိုင်းလိဂ် (၃) ကလပ်ကနေ ထိုင်းလိဂ် (၁) အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
Pyae Phyo Thein

ထိုင်းလိဂ် (၃)မှာတော့ မူလက နိုင်ငံခြားသားကစားသမား ၅ဦးအထိ ခေါ်ယူခွင့်ပေးထားပြီး အာဆီယံကစားသမားတစ်ဦးအနည်းဆုံးပါဝင်ရမယ်လို့ သတ်မှတ်ထားပါတယ်။


မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဆောင်လမန်ဟာ မြောင်ကန်ယူနိုက်တက်အသင်းကနေ ထိုင်းလိဂ် (၁) ကလပ် ထရတ်အက်ဖ်စီအသင်းကို အံ့အားသင့်ဖွယ်ရာအဖြစ် အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဇွဲကပင်၊ ချင်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်တို့မှာကစားခဲ့ဖူးတဲ့ ဆောင်လမန်ဟာ ၂၀၂၀ ဘောလုံးရာသီမှာ မြောင်ကန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ 

ထိုင်းလိဂ် (၃) ကလပ်မှာ ဆောင်လမန်က တရားဝင်ပွဲအဖြစ် ၂ပွဲသာကစားရသေးချိန်မှာ ၂ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ထိုင်းလိဂ်ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းထားရချိန်မှာ ဆောင်လမန်က အသင်းနဲ့အတူဆက်လက်ရှိနေခဲ့ပြီး ပုံမှန်လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ကာ ခြေစမ်းပွဲတွေ ကစားခွင့်ရချိန်မှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနို်င်ခဲ့ပါတယ်။

အခုအခါမှာတော့ ထရတ်အက်ဖ်စီအသင်းက သူ့ကို အံ့အားသင့်ဖွယ်ရာခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ထိုင်းလိဂ် (၃) မှာ နို်င်ငံခြားသားကစားသမားပေါ်လစီပြောင်းလဲမှုကြောင့်ဖြစ်တယ်လို့ ဆောင်လမန်ရဲ့ အေးဂျင့်အဖြစ်တာဝန်ယူပေးနေတဲ့ မြန်မာစပါယ်ရှယ်အေဂျင်စီတည်ထောင်သူ ကိုရဲနိုင်ဝင်းက Duwun Sports ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့ပါတယ်။ ထရတ်အက်ဖ်စီအသင်းမှာတော့ မြန်မာတိုက်စစ်မှူးအောင်ကောင်းမာန်လည်း ကစားနေတာဖြစ်ပြီး အခုအခါ နောက်ထပ်မြန်မာကစားသမားတစ်ဦးကို ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ 

"ဆောင်လမန်က သူတို့ရဲ့ နိုင်ငံခြားသားကစားသမားမူဝါဒပြောင်းလဲသွားလို့ပါ၊ မူလသတ်မှတ်ထားတဲ့ စည်းမျဉ်းမှာ သူတို့က နိုင်ငံခြားသား ၃ဦးပဲ ခွင့်ပြုတော့မယ်ဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်တယ်၊ ဆောင်လမန်ကိုလည်း သူတို့ကနို်င်ငံခြားသားလို့ပဲ သတ်မှတ်တာပေါ့၊ အဲဒီနောက် အသင်းဘက်က တိုင်ပင်ပြီးတော့ သူတို့ကလပ်အသင်းပိုင်ရှင်အချင်းချင်း ညှိနှိုင်းပြီး အငှားနဲ့ပြောင်းရွှေ့ခဲ့တာပါ၊ ကစားသမားရဲ့ ခံစားခွင့်တွေကတော့ အရင်အတိုင်းပါပဲ" လို့ ကိုရဲနိုင်ဝင်းက ပြောခဲ့ပါတယ်။ 


ထိုင်းလိဂ် (၃)မှာတော့ မူလက နိုင်ငံခြားသားကစားသမား ၅ဦးအထိ ခေါ်ယူခွင့်ပေးထားပြီး အာဆီယံကစားသမားတစ်ဦးအနည်းဆုံးပါဝင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ပွဲစဉ်တွေမှာတေ့ာ နိုင်ငံခြားသားကစားသမားလေးဦးအထိ ဝင်ရောက်ကစားခွင့်ပြုထားပြီး တစ်ဦးကတော့ အာဆီယံကစာသမားပဲဖြစ်ရမယ်လို့ စည်းမျဉ်းသတ်မှတ်ထားတာပါ။ ဆောင်လမန်ကတော့ မြောင်ကန်အသင်းနဲ့ ၂နှစ်သက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုထားတာဖြစ်ပါတယ်။ မြောင်ကန်အနေနဲ့ ထိုင်းလိဂ် (၂)ကို တက်ရောက်ကစားနိုင်ခဲ့မယ်ဆိုရင်တော့ ဆောင်လမန်ကို ပြန်လည်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ 


Author


က္က