ဟံသာဝတီနည်းပြ ဦးမျိုးမင်းထွန်းကတော့ အသင်းဟောင်းကို ပြန်လည်အနိုင်ယူခဲ့တာပါ။

သုဝဏ္ဏမှာ ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက် နဲ့ ဟံသာဝတီတို့ရဲ့ ပွဲစဉ်ကတော့ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။  

အသင်းလိုက်ကစားပုံကောင်းမွန်တဲ့ အသင်းနှစ်သင်းရင်ဆိုင်ရတာဖြစ်လို့ အကြိတ်အနယ်ပိုရှိခဲ့ပြီး ပထမပိုင်းမှာ ရန်ကုန်ကကစားကွက်အရအနည်းငယ်အသာစီးရရှိခဲ့ပြီး တိုက်စစ်ပိုင်းကအခွင့်အရေးတချို့ဖန်တီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မောင်မောင်လွင်ခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့ skillful palyer တစ်ယောက်ဆိုတဲ့ ပုံစံကိုပြသနိုင်ခဲ့ပါတယ်။



ပြိုင်ဘက်ကစားသမားတွေကို တစ်ဦးချင်းဖြတ်ကျော်မှုတွေ မကြာခဏလုပ်ပြနိုင်ခဲ့ပြီး အသင်းဖော်တွေအတွက် အခွင့်အလမ်းတွေဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဟံသာဝတီကတော့ ဟိန်းထက်အောင်ရဲ့ ညာခြမ်းဘက်ကို အားပြုကစားခဲ့ပြီး သူ့ကိုရန်ကုန်ခံစစ်က ထိန်းချုပ်နိုင်ခဲ့လို့ ဟံသာဝတီတို့ အခက်တွေ့ခဲ့ပါတယ်။ 

ဒေါ်နယ်ဘစ်ဆာနဲ့ အီမီကာတို့ အတွဲအဖက်မမိဖြစ်နေခဲ့တာကလည်း ရန်ကုန်ခံစစ်ပိုင်းကို သက်သာစေခဲ့တာပါ။ ရန်ကုန်က အခွင့်အရေးကောင်းတွေကို ဖန်တီးရယူနိုင်ခဲ့ပြီး အပိုင်အခွင့်အရေးတချို့ လက်လွှတ်ခဲ့ရပေမယ့် ၄၁ မိနစ်မှာတော့ မောင်မောင်လွင်ရဲ့ ခြေစွမ်းပြဖန်တီးပေးမှုကနေ အီမန်နူရယ်က သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ရန်ကုန်တို့ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မိုးသည်းသည်းမည်းမည်းရွာသွန်းမှုနဲ့အတူ ပွဲကလည်းပိုပြီးတော့ အကြိတ်အနယ်ရှိလာခဲ့ပါတယ်။ ချေပရိုးရဖို့အတွက် ဟံသာဝတီက တိုက်စစ်ကိုတင်ကစားခဲ့ပြီး ရန်ကုန်တို့ ကစားကွက်တည်မရဖြစ်ခဲ့ကာ မိနစ် ၅၀ မှာတော့ ဟိန်းထက်အောင်က လှပတဲ့ ဘယ်ခြေကန်သွင်းချက်နဲ့ ချေပဂိုးရယူပေးသွားခဲ့ပါတယ်။

ဟံသာဝတီအတွက် စိတ်ပိုင်းဆိုင်ရာအရလည်း အင်အားဖြစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ဦးဆောင်ဂိုးပါထပ်ရသွားခဲ့ပါတယ်။ ဒေါ်နယ်ဘစ်ဆာက ၅၆ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီးတော့ ရန်ကုန်အတွက် ဖိအားဝင်ခဲ့ရပြီး ပွဲကပိုစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ ရန်ကုန်ကတော့ ခြေစွမ်းမပြနိုင်တဲ့ ဘာဖိုနေရာမှာ သန်းပိုင်ကိုလူစားလဲခဲ့ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် သန်းပိုင်က အကောင်းဆုံးအခွင့်အရေးတစ်ကြိမ်ကိုဖြုန်းတီးသွားခဲ့ပါတယ်။

ရန်ကုန်တို့ဂိုးရဖို့အားထုတ်ခဲ့မှုတွေကလည်း အရာမရောက်ခဲ့ဘဲ တိုက်စစ်ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်အမှားတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ အနိုင်ဂိုးကိုထိန်းကစားနေတဲ့ ဟံသာဝတီတို့ ၈၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကတဆင့် ဂိုးထပ်ရခဲ့ပြီး ဟိန်းထက်အောင်ရဲ့ ဖန်တီးပေးမှုကနေ ဒေါ်နယ်ဘစ်ဆာက သွင်းယူခဲ့ပြီး နိုင်ပွဲရဖို့ သေချာသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဟံသာဝတီက ရန်ကုန်ကို ၃-၁ နဲ့ အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် ၂၄ မှတ်နဲ့ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။ ရန်ကုန်ကတော့ ဟံသာဝတီနဲ့ ၇ မှတ်အထိကွာဟသွားခဲ့ပြီဖြစ်ကာ ချန်ပီယံဖြစ်ဖို့အတွက်ဆိုရင် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းဖို့အစွမ်းကုန်ကြိုးစားရတော့မှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က