လက်ကျန်လေးပွဲအလိုမှာ ထိပ်ဆုံးနှစ်သင်းနဲ့ လေးမှတ်အကွာမှာရှိနေပါတယ်။
Pyae Phyo Thein

ဒီနေ့ညနေပိုင်းက ကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်ဖြစ်တဲ့ ရှမ်းယူနိုက်တက် နဲ့ ရန်ကုန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံရှမ်းဟာ ရန်ကုန်အသင်းကို ကြီးမားတဲ့ဂိုးပြတ်ရလဒ်နဲ့ အံ့အားသင့်ဖွယ်အနိုင်ယူကာ ချန်ပီယံလမ်းကြောင်းပေါ်ဆက်ရှိနေခဲ့ပြီး ဟံသာဝတီ နဲ့ ဧရာဝတီတို့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒီပွဲဟာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး အနိုင်ရရှိမှသာ အမှတ်ပေးဖလားဆုအတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှာဖြစ်လို့ လူစုံထုတ်ကစားခဲ့ကြတာကို တွေ့ရပါတယ်။ နည်းပြသစ်လက်ထက်မှာ ရလဒ်တွေဆက်တိုက်ကောင်းနေတဲ့ ရန်ကုန်တို့ မထင်မှတ်ဘဲ ဂိုးပြတ်အရေးနိမ့်မှုနဲ့အတူ ချန်ပီယံလမ်းကြောင်းပေါ်က သွေဖယ်ခဲ့ရပြီလည်းဖြစ်ပါတယ်။

ဟံသာဝတီ၊ ဧရာဝတီတို့နဲ့ နှစ်သင်းစလုံးက လေးမှတ်စီကွာဟနေပြီး မနေ့ကပွဲမှာ အဆိုပါအသင်းနှစ်သင်းစလုံးအနိုင်ရရှိခဲ့လို့ ရှမ်း နဲ့ ရန်ကုန်အတွက်တော့ ဒီပွဲက အမှားခံလို့မရခဲ့ပါဘူး။ တကယ်တမ်းကစားချိန်မှာတော့ ရှမ်းယူနိုက်တက်က အခွင့်အရေးတွေကို ထိထိမိမိအသုံးချခဲ့ပြီး ဂိုးဖန်တီးပေးမှု၊ အဆုံးသတ်ပိုင်းတွေမှာ ပိုမိုကောင်းမွန်ခဲ့လို့ အနိုင်ရရှိခဲ့ပါတယ်။

ရန်ကုန်ကတော့ ရှုံးပွဲတွေ့ခဲ့လို့ ဟံသာဝတီ၊ ဧရာဝတီတို့နဲ့ ၇ မှတ်အထိ ကွာဟသွားခဲ့ပြီး ချန်ပီယံမျှော်လင့်ချက်က ဝေးကွာခဲ့ပြီဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်ကတော့ ပုံမှန်အတိုင်းလေးမှတ်အကွာနဲ့ ဆက်လက်ရှိနေခဲ့ပြီး ထိပ်ဆုံးနှစ်သင်းခြေချော်မှုကို အခွင့်အရေးရယူဖို့ အသင့်အနေအထားမှာ ဆက်လက်ရှိနေကာ အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အတွက် ဂိုးတွေကိုတော့ ၂၅ မိနစ်မှာ မက်ဆီမင်၊ ၃၇ မိနစ်မှာ နန္ဒကျော်၊ မိနစ် ၅၀ မှာ ကိတ်၊ ၇၈ မိနစ်မှာ ဇင်မင်းထွန်းတို့က ဂိုးတွေအသီးသီးသွင်းခဲ့ကြပါတယ်။ ရန်ကုန်ကတော့ ချေပဂိုးတောင်မရရှိခဲ့ဘဲ အရေးနိမ့်ခဲ့ကာ ဒီရှုံးပွဲက နည်းပြချုပ်ဦးမင်းထွန်းလင်းအတွက်တော့ စိ်တ်ပျက်စရာရလဒ်လည်း ဖြစ်လာခဲ့ပါတယ်။ 


Author


က္က