လိဂ်ပွဲ ၄ ပွဲနဲ့ ချာရတီဖလားပွဲ တစ်ပွဲအပါအဝင် ၅ ပွဲကစားရာမှာ ၅ ပွဲစလုံး ပေးဂိုးပေးထားရပြီး နိုင်ပွဲကလည်း လိဂ်နိုင်ပွဲ ၂ပွဲသာရှိနေချိန်မှာ ကစားသမားတွေရဲ့ ယုံကြည်မှု လွန်ကဲနေတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။
ဒီကနေ့ ကစားခဲ့တဲ့ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အ သင်းရဲ့ ကစားသမားတွေအနေနဲ့ ယုံကြည်မှု လွန်ကဲနေတယ်လို့ နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပွဲအပြီး မီဒီယာနဲ့တွေ့ဆုံရာမှာ ပြောသွားပါတယ်။
“ကျွန်တော့်ကစားသမားတွေ ယုံကြည်မှု လွန်ကဲနေတယ်လို့ မြင်မိတယ်။ ဒါကြောင့်လည်း မလိုလားအပ်တဲ့ အ မှားတွေ ခဏခဏ ကျူးလွန်မိပြီး ဂိုးတွေ ပြန်လည်ခွင့်ပြုနေရတာပါ။” လို့ ဦးမျိုးမင်းထွန်းက ပြောခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။
“ကျွန်တော့်အသင်းက ချာရတီဖလားအပါအဝင် ၅ ပွဲကစားပြီးပါပြီ၊ ဒီအချိန်မှာ ထူးထူး ခြားခြား ပြစ်ဒဏ် ဘောက နေ ၄ ဂိုးနဲ့ ပင်နယ်တီတစ်ဂိုး ပေးရတယ်။ အဲ့တော့ ဆန်းဆက်နိုင်ရဲ့ ကြိုးစား အားထုတ်မှု၊ အာရုံစူးစိုက်မှု အနည်းနဲ့အများ လျော့နည်းနေတယ်ဆိုတာတော့ ပေါ်လွင်ပါတယ်။နောက်ပြီး အပိုင် အခွင့်အရေးတွေကို မသုံးနိုင်တာကလည်း အဆုံးသတ်အားနည်းတာ မြင်သာပါတယ်။” လို့ ဦးမျိုးမင်းထွန်းက DuwunSports ကို ပြောခဲ့ပါသေးတယ်။
ရန်ကုန်အသင်းကတော့ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖိလစ်ပိုင် ကလပ် စီးရက်စ်အသင်းနဲ့ အာရှ ချန်ပီ ယံလိဂ် ပထမအဆင့်ကို အဝေးကွင်းသွားကစားရပါမယ်။ ဒီကြားထဲမှာ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲနဲ့ အေအက်ဖ်စီ ဖလား အုပ်စုပွဲစဉ်တွေ ကစားဖို့ ရှိနေလို့ မြန်မာနေရှင် နယ်လိဂ် ပွဲစဉ် ၅ ကို ကျင်းပနိုင်မှာ မဟုတ်ပဲ လာမယ့် မတ်လ ၂ ရက်နေ့မှ ပြန်လည်စတင် ကစားစေမယ်လို့ မြန်မာနေရှင်နယ်လိဂ်က ထုတ်ပြန်ထားပါတယ်။