ဒီနေ့မှာပဲ နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။
Pyae Phyo Thein

ဦးတင်မောင်ထွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ရာသီက မြန်မာနေရှင်နယ်လိဂ်ဖလား နဲ့ ဗိုလ်ချုပ်အောင်ဆန်းရှုံးထွက်ဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။


မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းဟာ နည်းပြချုပ်ဦးတင်မောင်ထွန်းရဲ့နေရာမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ်တာဝန်ယူနေတဲ့ ဦးမင်းထွန်းလင်းကို ပြောင်းလဲခန့်အပ်သွားခဲ့ပြီဖြစ်ပါတယ်။ ဦးတင်မောင်ထွန်းကိုတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီမှာ ပြောင်းလဲတာဝန်ပေးအပ်သွားမယ်လို့ ရန်ကုန်ယူနိုက်တက်အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဦးတင်မောင်ထွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ရာသီက ဗိုလ်ချုပ်အောင်ဆန်းရှုံးထွက်ဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီရာသီအေအက်ဖ်စီဖလားပြိုင်ပွဲမှာလည်း ရန်ကုန်အသင်းကို ၃ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိအောင်ကိုင်တွယ်ထားနိုင်ခဲ့ပေမယ့် ပြည်တွင်းလိဂ်မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက ဟံသာဝတီနဲ့ ၇ မှတ်အထိကွာဟနေခဲ့ပါတယ်။ 

မနေ့က ကစားခဲ့တဲ့ နေရှင်နယ်လိဂ်ပွဲစဉ် ၁၁မှာလည်း ဟံသာဝတီကို ၃-၁ နဲ့ ရန်ကုန်ယူနိုက်တက်အသင်းက အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲကတော့ ဦးတင်မောင်ထွန်းရဲ့ ရန်ကုန်နည်းပြချုပ်အဖြစ်နဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး အခုအခါမှာ ဦးမင်းထွန်းလင်းက အစားထိုးတာဝန်ယူတော့မှာဖြစ်တယ်လို့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက Duwun Sports ကို ပြောခဲ့ပါတယ်။ 

ဦးမင်းထွန်းလင်းကတော့ နေရှင်နယ်လိဂ်ကလပ်ဇွဲကပင်အသင်းရဲ့ နည်းပြချုပ်ဟောင်းဖြစ်ပြီး သူ့လက်ထက်မှာ ဇွဲကပင်အသင်းကို အဆင့် ၃ နေရာရရှိအောင် စွမ်းဆောင်ပေးထားခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာ့လက်ရွေးစင်နည်းပြအန်တိုနီဟေးရဲ့ လက်ထောက်အဖြစ်တာဝန်ယူနေတာဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းရဲ့ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူဖို့ကို လက်ခံခဲ့တာလည်းဖြစ်ပါတယ်။ 


လက်ရှိနေရှင်နယ်လိဂ်အမှတ်ပေးဇယားမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ၉ ပွဲကစားအပြီးမှာ ၅ပွဲနိုင်၊ ၂ပွဲသရေကျကာ ၂ပွဲရှုံးနိမ့်ထားပြီး ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃နေရာမှာ ရပ်တည်နေပါတယ်။ အဆင့် ၁ နေရာက ဟံသာဝတီနဲ့ ၇ မှတ်၊ ဧရာဝတီယူနိုက်တက်အသင်း (တစ်ပွဲလျော့ထား) နဲ့ ၃မှတ်ကွာဟနေတာကိုလည်း တွေ့ရှိရပါတယ်။ 


Author


က္က