ရှုံးထွက်မရှိတဲ့နှစ်မှာ ချန်ပီယံနဲ့ ဒုတိယရတဲ့ နှစ်သင်း ဝင်ခွင့်ရတဲ့စည်းမျဥ်းကြောင့်ပါ။
Kyaw Ko Ko Sint

အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ACL Play-Offအဆင့်က စတင်ကစားရမှာ ဖြစ်ပြီး ဒုတိယရတဲ့ ဟံ သာဝတီအသင်းကတော့ AFC CUP အုပ်စုအဆင့်ပွဲတွေကို ကစားခွင့်ရမှာပါ။

၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ရာ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ချန်ပီ ယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ယခုနှစ်မှာ ကိုဗစ် ကူးစက်‌ရောဂါ ပျံ့နှံ့မှုကြောင့် လိဂ်ပြိုင်ပွဲကိုသာ ပြီးဆုံးအောင် ကျင်ပနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင် ဆန်းဒိုင်း ရှုံးထွက်ဖလားကိုမူ ပြီးဆုံးအောင် ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့် လာမယ့်နှစ်မှာ အာရှအဆင့် ပြိုင်ပွဲ ဝင်ခွင့်နဲ့ တန်းတက်၊တန်းဆင်းစနစ် အခြေအနေကို ဘယ်လို လုပ်ဆောင်ဖို့ ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကို Duwun Sportsက မေးမြန်းကြည့်ရာမှာတော့ - “ အေအက်ဖ်စီ ဝင်ခွင့်ကတော့ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်အရရော ကျွန်တော်တို့ရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဥ်းအရရော ရှုံးထွက်မလုပ်ဖြစ်တဲ့နှစ်မှာ အမှတ်ပေးချန်ပီယံအသင်းက ACL Play-Off ကစားရမယ်၊ဒုတိယရတဲ့အသင်းက AFC CUPကို ကစားခွင့်ရမယ်။တတိယရတဲ့ အသင်းကတော့ AFC CUPအတွက် အရန်အသင်းပုံစံမျိုးရှိနေမှာပါ။”လို့ ဖြေကြားခဲ့ပါတယ်။

ဒါကြောင့်မို့လို့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ အဆင့် ၂နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ ဟံသာဝတီယူနိုက်တက်အ သင်းဟာ လာမယ့်နှစ် AFC CUPပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ပါဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ဒါဟာ ဟံသာဝတီယူနိုက်တက်အသင်းအတွက်တော့ အာရှအဆင့် ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ယှဥ်ပြိုင်ခွင့်ရ တာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နိုင်မှလည်း ဝင်ခွင့်ရမှာပါ။

ဟံသာဝတီအသင်းအနေနဲ့ အေအက်ဖ်စီက သတ်မှတ်ချက်တွေကို ပြည့်မီအောင် လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင် အရံအဖြစ် အသင့်ရှိနေတဲ့ အမှတ်ပေးပြိုင်ပွဲ တတိယရတဲ့ ဧရာဝတီအသင်းက အစားထိုး ကစားခွင့်ရမှာလည်း ဖြစ်ပါတယ်။


Author


က္က