ချာနာသစ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၁.၉သန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

အရှေ့တောင်အာရှရဲ့ တန်ဖိုးအကြီးမားဆုံးကစားသမားလည်းဖြစ်ပြီး သူ့ရဲ့လက်ရှိစျေးကွက်ပေါက်စျေးက ယူရို ၁.၉ သန်းရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းမက်ဆီလို့ ကျော်ကြားနေခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားချာနာသစ်ဆောင်ခရာစင်ကို စပိန်လာလီဂါကလပ် အယ်လ်ချီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဂျပန်ကလပ် ကွန်ဆာဒိုးလ်ဆာပိုရိုအသင်းမှာ ကစားနေတဲ့ ချာနာသစ်အတွက် အယ်လ်ချီက စုံစမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ စပိန်ကလပ်က ဆာပိုရိုအသင်းကို ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Siamsport ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ဗီယက်နမ်သတင်းဌာန bongda24h က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အယ်လ််ချီကတော့ လာလီဂါကိုတန်းတက်ခွင့်ရရှိခဲ့တဲ့ အသင်းဖြစ်ပြီး တကယ်လို့သာ ချာနာသစ်က ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် ထိုင်းနာမည်ကျော်တိုက်စစ်မှူးတီယာဆေးနည်းတူ လာလီဂါမှာ ခြေချနိုင်မှာလည်းဖြစ်ပါတယ်။ 

ထိုင်းဘောလုံးလောကရဲ့ နာမည်ကျော်ကစားသမားအဖြစ် ချာနာသစ်က နှစ်အနည်းငယ်ကြာရပ်တည်နေခဲ့သူဖြစ်ပြီး လက်ရွေးစင်အသင်းကြီးမှာ ပုံမှန်ရွေးချယ်ခံနေရသူဖြစ်ပါတယ်။ ဆာပိုရိုအသင်းမှာလည်း အဓိကကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိနေခဲ့သူဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ တန်ဖိုးအကြီးမားဆုံးကစားသမားလည်းဖြစ်ပြီး သူ့ရဲ့လက်ရှိစျေးကွက်ပေါက်စျေးက ယူရို ၁.၉ သန်းရှိတယ်လို့ ဆိုပါတယ်။ 

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဆာပိုရိုအသင်းအတွက် ပြိုင်ပွဲစုံစုစုပေါင်း ၈၇ ပွဲကစားပေးထားပြီး ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီနေ့ကစားခဲ့တဲ့ ဆာပိုရိုအသင်းနဲ့ Vegalta Sendai အသင်းတို့ရဲ့ ဂျေလိဂ်ပွဲစဉ်မှာ ချာနာသစ်ပါဝင်ခဲ့ခြင်းမရှိတာကြောင့် သူ့အနေနဲ့ အမှန်တကယ်ပဲ အယ်လ်ချီကိုပြောင်းရွှေ့ဖို့ လုပ်ဆောင်နေလားဆိုတာ စဉ်းစားစရာတော့ဖြစ်လာခဲ့ပါတယ်။ 

အယ်လ်ချီကတော့ လာလီဂါ ၂ပွဲကစားအပြီးမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားပြီး ၃ မှတ်ရရှိထားခဲ့ပါတယ်။ ထိုင်းမီဒီယာတွေကတော့ အယ်လ်ချီဘက်က ဆက်သွယ်မှုရှိခဲ့တယ်လို့ အခိုင်အမာပဲ ရေးသားပြောဆိုခဲ့ကြပါတယ်။ 


Author


က္က