စစ်ကိုင်းအသင်းပါ နုတ်ထွက်သွားမယ်ဆိုရင် လိဂ်(၁)မှာ ၉သင်းသာ ကျန်ပါတော့တယ်။

စစ်ကိုင်းယူနိုက်တက်အသင်းကို တစ်ဦးတည်း ဆက်လက် မတည်ဖို့ မဖြစ်နိုင်တော့တာကြောင့် အခြား တာဝန်ယူ နိုင်မယ့်သူရှိရင်လည်း ပေးချင်ပြီး ကူညီပေးမယ့်လူရှိရင်လည်း ဆက်လုပ်ဖို့ ကြိုးစားကြည့်မယ်လို့ ဦးဖိုးချစ်ကပြော လာပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်းဟာ ၂၀၂၁ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်နိုင်ခြင်း ရှိမရှိဆိုတဲ့ နောက်ဆုံး အတည်ပြုချက်ကို လာမယ့် ဇန်နဝါရီမှာ ပြုလုပ်မယ့် လိဂ်ကော်မတီ အစည်းအဝေးမှာ အဆုံးအဖြတ်ပေးရပါတော့မယ်။



ကိုဗစ်ရိုက်ခတ်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင်မှု အားနည်းသွားတဲ့အတွက် ဘောလုံးအသင်း ကို ဆက်လက်မတည်ပေးနိုင်ခြင်း မရှိတော့တာကြောင့် အသင်းဖျက်သိမ်းရမလိုအထိ ဖြစ်နေပြီလို့လည်း စစ်ကိုင်း ယူနိုက်တက်အသင်းပိုင်ရှင် ဦးဖိုးချစ်က DuwunSportsကို ပြောပါတယ်။

“တတ်နိုင်သလောက်တော့ အသင်းကို ရပ်တည်လို့ရအောင် လုပ်ကြည့်နေတယ်၊သို့သော်ရမရတော့ မပြောနိုင် သေးဘူး။နောက်ထပ် ဘယ်သူတွေက စုပေါင်းပြီး တာဝန်ဆက်ယူမလဲ၊ကျွန်တော့်ကို အတိုင်းအတာတစ်ခုအထိ ဝိုင်းကူကြမယ့်သူရှိမလားဆိုတာ ကြိုးစားနေပါတယ်။လောလောဆယ်တော့ ကူညီပေးဖို့ ပြောလာသူ မရှိသေးပါ ဘူး။”လို့ ဦးဖိုးချစ်က ပြောပါတယ်။

စစ်ကိုင်းယူနိုက်တက်အသင်းအနေနဲ့ မနှစ်က Max-Cement မှ ငွေကျပ် သိန်း ၁၀၀၀ စပွန်ဆာရရှိခဲ့သလို အခြားသော စပွန်ဆာအချို့ကိုလည်း ဇော်ဂျီမြန်မာ တိုင်းရင်းဆေးကုမ္ပဏီမှ ရရှိခဲ့တယ်လို့ သိရပါသေးတယ်။

“ဦးဇော်နဲ့ပတ်သက်ပြီး မက်စ်စီးမန့်ကလည်း မနှစ်က ကူညီပေးခဲ့တာဖြစ်တာကြောင့် ဒီနှစ်တော့ ကျွန်တော် အားနာတယ်ဗျ။အစည်းအဝေးမှာလည်း ဦးဇော်တော့ အကူအညီ မတောင်းချင်ဘူးလို့ တစ်ခါတည်း ပြောခဲ့ပါ သေးတယ်။လောလောဆယ်ထိတော့ အခြား ကုမ္ပဏီတွေဆီကလည်း ဘာသံမှ မကြားရသေးပါဘူး။ကျွန်တော် တို့ အသင်းလေးပဲ ကိုဗစ်နဲ့အတူ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားသွားရတဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်။”လို့ ဦးဖိုးချစ်က ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနေရှင်နယ်လိဂ်(၁)မှာ မူလ အသင်း ၁၂သင်းရှိရာမှ မကွေးအသင်း ဖျက်သိမ်းသွားပြီဖြစ်သ လို ဆောက်သမ်းကလည်း ၂၀၂၁ခုနှစ်ပြိုင်ပွဲကို မပြိုင်နိုင်တော့ဘူးလို့ စာတင်ထားတာ သိရပါတယ်။

ဒါကြောင့် စစ်ကိုင်းအသင်းသာ ဖျက်သိမ်းရမယ်ဆိုရင် လိဂ်(၁)မှာ ၉သင်းသာကျန်တော့မှာ ဖြစ်ပြီး လက်ကျန် အသင်းတွေနဲ့ လိဂ်(၁)ကို ကျင်းပဖို့ များတယ်လို့လည်း မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က DuwunSportsကို ပြောထားပါသေးတယ်။

၂၀၂၁ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ် ပြန်လည်ကျင်းပနိုင်ရေး လိဂ်ကော်မတီအစည်းအဝေးကိုတော့ လာမယ့် ဇန်နဝါရီလ ၆ရက်(သို့)၇ရက်နေ့မှာ ထပ်မံကျင်းပဖို့ ရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က