အာဆီယံရဲ့ အကျော်ကြားဆုံးနဲ့ အကောင်းဆုံးလိဂ်ဖြစ်ဖို့ တာစူနေတာပါ။

ထိုင်းလိဂ်လို့ ခေါ်ဆိုနေတဲ့ ထိုင်းပရီးမီးယားလိဂ်က အရှေ့တောင်အာရှရဲ့ အကောင်းဆုံးလိဂ်တစ်ခုအဖြစ် ရှိနေတာပါ။ ဘောလုံးမျိုးဆက်သစ်အများအပြား ပေါ်ထွက်လာဖို့ စဉ်ဆက်မပြတ်လုပ်ဆောင်နေမှုတွေနဲ့အတူ လိဂ်ပြိုင်ဆိုင်မှုပြင်းထန်လာအောင် များပြားလှတဲ့ ဆုကြေးငွေ၊ စပွန်ဆာရှစ်တွေနဲ့ လည်ပတ်နေတဲ့ ဒီလိဂ်က အာရှအဆင့်ထိကို တက်လှမ်းနေပြီဆိုရင်လည်း မမှားပါဘူး။ ထိုင်းလိဂ်ရဲ့ အရည်အသွေးတိုးတက်လာတာနဲ့အမျှ နိုင်ငံတွင်းက ကစားသမားတွေအတွက် ဘဝအာမခံချက်တွေက ပိုမိုခိုင်မာလာသလို ဒေသတွင်းကစားသမားတွေအတွက်လည်း ထိုင်းလိဂ်က သွားရောက်ကစားချင်စရာလိဂ်တစ်ခုအဖြစ် ရှိနေခဲ့ပါပြီ။

မြန်မာပြည်တွင်းက နာမည်ကျော်ကစားသမားတွေလည်း ထိုင်းလိဂ်မှာ ကစားနေကြပါတယ်။ ဒီရာသီမှာဆိုရင် အောင်သူ၊ လှိုင်းဘိုဘိုတို့ကို ခေါ်ယူထားပြီး ရှိရင်းစွဲကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ ဇော်မင်းထွန်း၊ ဆောင်လမန်၊ အောင်ကောင်းမာန်တို့ကြောင့် မြန်မာကစားသမားတွေရဲ့ ထိုင်းလိဂ်မှာ ပါဝင်လာမှု အခန်းကဏ္ဍက ပိုပိုပြီးကျယ်ပြန့်လာပါတယ်။ ဆိုရရင်တော့ ထိုင်းလိဂ်က မြန်မာပြည်တွင်းအကောင်းဆုံးကစားသမားတွေကို မျက်စိဒေါက်ထောက်ကြည့်နေပြီး အခွင့်အရေးရတာနဲ့ ခေါ်ယူဖို့အတွက် ပြင်ဆင်ထားတာကို တွေ့ရမှာပါ။ ထိုင်းကလပ်အသင်းတွေဘက်က ကမ်းလှမ်းမှုကလည်း မြန်မာကစားသမားတွေအတွက် မက်မောဖွယ်ရာကောင်းသလို သူတို့လိဂ်ရဲ့ အဆင့်အတန်းကြောင့်လည်း ငြင်းပယ်ဖို့က ခက်ပါတယ်။ 

ဘောလုံးအေးဂျင့်တစ်ဦးဖြစ်တဲ့ ကိုရဲနိုင်ဝင်းကတေ့ာ "သူတို့ရည်ရွယ်ချက်ကရှင်းရှင်းလေးပါ၊ အာဆီယံမှာ အအောင်မြင်ဆုံးလိဂ်ဖြစ်ချင်နေတာပါ၊ လိဂ်တစ်ခုအောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာက ပရိသတ်စိတ်ဝင်စားမှုနဲ့ တိုင်းတာတာဆိုတော့ အာဆီယံကစားသမားတွေကို ခေါ်ရင် သူတို့နိုင်ငံတွေက စိတ်ဝင်စားမှုကိုရမယ်၊ ဒီကနေမှ ပရိသတ်အားအပေးဆုံးလိဂ်ဖြစ်လာမယ်၊ ဒါဆိုရင် ဒေသတွင်းမှာ သူတို့က နံပါတ်တစ်လိဂ်ဖြစ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့၊ ပြီးတော့ ထိုင်းဘက်က ကမ်းလှမ်းမှုတွေကလည်း မြန်မာလိဂ်တွေထက် အနည်းဆုံးလေးငါးဆကွာတယ်လေ၊ အောင်သူတို့ဆိုရင် ဆယ်ဆလောက်အထိကို ကွာတယ်၊ ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေပဲ၊ ပြောမယ်ဆို အချိုအချောင်မနှိုက်ဘူးပေါ့၊ သူတို့သတ်မှတ်ထားတဲ့၊ တတ်နိုင်တဲ့ ဘတ်ဂျက်အတွင်းမှာ အကောင်းဆုံးကမ်းလှမ်းတာတော့ သေချာပါတယ်" လို့ Duwun Sports ကို ပြောပါတယ်။ 

ထိုင်းကလပ်တွေရဲ့ မြန်မာကစားသမားတွေအပေါ် မျက်စိကျလာမှုကလည်း အရင်ကထက်ပိုပြီးတော့ ကြီးမားလာပါတယ်။ ပြည်တွင်းအကောင်းဆုံးကစားသမားတွေ ထိုင်းကို ထပ်သွားကစားဖို့ရှိနေတယ်လို့လည်း သတင်းတွွေထွက်နေပြီး ထိုင်းက မြန်မာကစားသမားတွေကို ဘာလို့မျက်စိကျလာ တာလဲဆိုတာကလည်း စဉ်းစားချင်စရာဖြစ်လာပါတယ်။ ဒီအပေါ်မှာ အခြေခံအားဖြင့်တော့ အဓိကအချက် ၃ ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ကစားသမားရဲ့ခြေစွမ်းပါ။ ဒုတိယတစ်ချက်ကတော့ သူတို့ရဲ့ လိဂ်ပုံရိပ်နဲ့ စျေးကွက်ကို ဒေသတွင်းမှာ ပြိုင်ဘက်မရှိအောင် ချဲ့ထွင်ဖို့ဖြစ်ပြီး နောက်ဆုံးအချက်ကတော့ အာဆီယံကစားသမားစည်းမျဉ်းတွေကြောင့်လို့ ယူဆရပါတယ်။ လက်ရှိ ထိုင်းမှာကစားနေတဲ့ မြန်မာကစားသမားတွေရဲ့ ခြေစွမ်းဟာ ဒေသတွင်းမှာ တစ်ဦးချင်းခြေစွမ်းအရ ထိပ်တန်းအဆင့်မှာရှိတယ်လို့ ဆိုရပါမယ်။ လက်ရွေးစင်အဆင့် ကစားသမားတွေဖြစ်ပြီး ပြိုင်ပွဲကြီးအတွေ့အကြုံတွေလည်း အများကြီးရှိနေသူတွေပါ။ 

ဒီလိုကစားသမားတွေကို ခေါ်ယူတာက ထိုင်းလိဂ်အပေါ် ပြည်တွင်းနိုင်ငံတွေရဲ့ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာနိုင်စေမှာ သေချာပါတယ်။ မြန်မာကစားသမားတွေ ထိုင်းလိဂ်ကိုပြောင်းရွှေ့ချိန်တိုင်းမှာ ပြောင်းရွှေ့သွားတဲ့ အသင်းအပေါ် စိတ်ဝင်တစားစောင့်ကြည့်မှုနှုန်းက သိသိသာသာကို မြင့်တက်လာခဲ့ပါတယ်။ ဒီအချက်က ထိုင်းလိဂ်ဘက်က လိုချင်တဲ့ အချက်ပါပဲ။ သူတို့လိဂ်ရဲ့ လွှမ်းမိုးမှုကို အထောက်အကူပြုခဲ့သလို ပရိသတ်နှုန်းလည်း တိုးတက်လာလို့ စိတ်ကျေနပ်စရာဖြစ်နေတာတော့ အသေအချာပါပဲ။ ဒီကမှတဆင့် သူတို့ရဲ့ပုံရိပ်နဲ့ စျေးကွက်ကို ချဲ့ထွင်ဖို့ ခြေလှမ်းစနိုင်မှာဖြစ်ပြီး ဒီဘက်နှစ်တွေမှာဆို ဒေသတွင်းနိုင်ငံတွေရဲ့ ထိုင်းလိဂ်ပွဲစဉ်တွေကို ကြည့်ရှုမှုနှုန်းက တဖြည်းဖြည်းနဲ့မြင့်တက်လာတယ်လို့လည်း ထိုင်းပြည်တွင်းမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။ 

ထိုင်းလိဂ်မှာသတ်မှတ်ထားတဲ့ စည်းမျဉ်းအရ အသင်းတစ်သင်းမှာ အာဆီယံကစားသမားအနည်းဆုံး ၃ဦးအထိ ထည့်သွင်းကစားရဖို့ရှိနေတာကလည်း ဒေသတွင်းကစားသမားတွေကို ပိုမိုခေါ်ယူဖို့ တွန်းအားပေးနေခဲ့ပါတယ်။ မဖြစ်မနေထည့်သွင်းကစားရမှာဖြစ်ပြီး ဒါဟာ ဒေသတွင်းက အကျော်ကြားဆုံးကစားသမားတွေကို

တစုတစည်းတည်းမြင်တွေ့ရကာ ဒီကစားသမားတွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတွင်းကပရိသတ်တွေကို ဆွဲဆောင်လာနိုင်ခဲ့ပါတယ်။ ဒီကမှတဆင့် ထိုင်းလိဂ်က ဒေသတွင်းမှာ အခြားသောလိဂ်တွေထက် ခေါင်းတစ်လုံးမကသာလွန်ရပ်တည်ဖို့ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကလည်း ပြည့်ဝလာမှာဖြစ်ပါတယ်။ မြန်မာကစားသမားတွေကိုခေါ်ယူနေမှုနဲ့ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်ဟောင်းနဲ့ နာမည်ကြီးနည်းပြတစ်ဦးဖြစ်တဲ့ ဦးကြည်လွင်ကတော့ Duwun Sports ကို အခုလိုပြောဆိုခဲ့ပါတယ်။ 


"ကျွန်တော်တို့အတွက်တော့ ကိုယ့်ကစားသမားတွေက အရေးပါတဲ့သူတွေပါ၊ MNL မှာ သူတို့က အကောင်းဆုံးကစားသမားတွေလေ၊ အခုလို ထွက်ကစားရတယ်ဆိုရင်တော့ ငွေကြေးအရဆိိုရင် တော်တော်လေးအဆင်ပြေတယ်၊ ပြီးတော့ ကျွန်တော်တို့လိဂ်အနေအထားနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း ထွက်ကစားသင့်တယ်လို့

ကျွန်တော်ကတော့ ယူဆတယ်၊ ကစားသမားတွေမှာလည်း သူတို့အခွင့်အရေး၊ ဆန္ဒနဲ့ မျှော်လင့်ချက်တွေဆိုတာက ရှိတာကိုး၊ သွားသင့်လား၊ မသွားသင့်ဘူးလားဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်တာပေါ့၊ သွားကစားပြီဆိုရင်လည်း အမြင့်ဆုံးအဆင့်မှာပဲ ကျွန်တော်ကတော့ ကစားစေချင်တယ်၊ ကျန်တာတွေတော့ ကျွန်တော်သိပ်မပြောတတ်ဘူး၊ အတိုင်းအတာတစ်ခုထိတော့ သွားကစားတာက ကောင်းပါတယ်၊ ကျွန်တော်တို့ထက်မြင့်တဲ့ လိဂ်အဆင့်တစ်ခုမှာ ကစားရတယ်ဆိုရင်တော့ ဂုဏ်ယူရတာပေါ့" လို့ ဦးကြည်လွင်က ဆိုပါတယ်။ 

သေချာတာကတော့ ထိုင်းလိဂ်ဟာ သူတို့ရဲ့လိဂ် နာမည်ကြီးထင်ရှားလာဖို့အတွက် အစီအစဉ်တကျနဲ့ လုပ်ဆောင်နေတယ်ဆိုပါပဲ။ ဒီလိုလုပ်ဆောင်မှုအကျိုးဆက်အဖြစ် ဒေသတွင်းနိုင်ငံက ကစားသမားတွေအတွက် အခွင့်အလမ်းနဲ့ ခံစားခွင့်တွေကလည်း တော်တော်လေးကို များပြားလာပါတယ်။ ဒီလိုနည်းတူ ဒီကစားသမားတွေရဲ့ ပြည်တွင်းလိဂ်မှာ အကောင်းဆုံးကစားသမားတွေ မရှိတော့တာ၊ ပြိုင်ဆိုင်မှုပြင်းထန်တာတွေ လျော့နည်းလာနိုင်ပြီး လိဂ်အနေအထားက ထိုင်းလိဂ်နဲ့ ကွာဟသထက် ကွာဟတာမျိုးတွေလည်း ရှိလာခဲ့၊ ရှိလာနိုင်ပါတယ်။ ဒီလိုသာဆိုရင် ထိုင်းလိဂ်က ဒေသတွင်းအကောင်းဆုံးလိဂ်အဖြစ် လက်မထောင်ရပ်တည်နိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဗျူဟာ တွေက အလုပ်ဖြစ်နေတယ်လို့ လက်ခံရမှာပါပဲ။ ပရော်ဖက်ရှင်နယ်ဘောလုံးလောကအတွင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း၊ ဘောင်ထဲကအတိုင်း လုပ်ဆောင်တာဖြစ်လို့ အပြစ်ဆိုစရာလည်း ဘာမှမရှိပါဘူး။ သူတို့လိုဖြစ်ချင်ရင် သူတို့လုပ်တာထက်ပိုပြီးကောင်းအောင် လုပ်ပြဖို့ပဲရှိနေပါတယ်။ 


ဧရာဝတီယူနိုက်တက်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကတော့ "အဓိကကတော့ ပရော်ဖက်ရှင်နယ်ဆိုတာပါပဲ၊ သူတို့ကလည်း ကောင်းတဲ့ကစားသမားပဲ ရွေးခေါ်မှာလေ၊ နှစ်ဦးနှစ်ဖက်အကျိုးရှိတာကိုး၊ မြန်မာကစားသမားတွေကို ခေါ်တယ်ဆိုတာက မြန်မာပရိသတ်တွေကို သူတို့ရလာမယ်၊ အသင်းတွေအပေါ် အားပေးမှုတိုးလာမယ်၊ အသင်းတိုင်းက နိုင်ချင်တဲ့အသင်းတွေဖြစ်နေတော့ ကစားသမားကောင်းတွေကိုပဲ ရွေးခေါ်မှာပဲ၊ ကစားသမားတွေကလည်း ငွေကြေးအရကြည့်ရမျိုးက မဖြစ်မနေကို ရှိတယ်၊ ဒီတော့ ပြောင်းမှာပဲ။ ထိုင်းအတွက်က လစာပေးရတာ နည်းတယ်လို့ဆိုရပေမယ့် မြန်မာကစားသမားတွေအတွက်တော့ တော်တော်လေးကို ရတယ်လို့ပြောလို့ရပါတယ်၊ ပြီးတော့ အသင်းအင်အားတောင့်အောင် ခေါ်တာမျိုးလည်းဖြစ်နိုင်တယ်၊ ဘာလို့လဲဆိုရင် ဘရာဇီးလ်ကစားသမားတွေကိုတောင်မှ ခေါ်ပြီးရင် အရံခုံမှာထိုင်ခိုင်းတာမျိုးရှိတယ်၊ ငွေကြေးပေးချေမှုကလည်း ၁၀ ဆ ၁ ဆလောက်ကွာနေတော့ မိသားစုအတွက်၊ ကိုယ့်ရဲ့ကစားသမားဘဝအတွက် သွားကစားကြမှာပါပဲ၊ ပြည်တွင်းမှာက အဲဒီလိုမပေးနိုင်ဘူးလေ၊ ပေးနိုင်ရင်တော့ ဒီမှာပဲ ဆက်ကစားကြမှာပေါ့" လို့ သုံးသပ်ပါတယ်။ 

ဆိုရရင်တော့ ထိုင်းလိဂ်ဟာ ဘောလုံးအပေါ်အရူးအမူးအားပေးတဲ့ မြန်မာပြည်ပရိသတ်တွေရဲ့ ဆန္ဒကို ကောင်းကောင်းကြီးနားလည်ထားပါတယ်။ သူတို့ကစားသမားတွေအပေါ်မှာ သည်းသည်းလှုပ်အားပေးတဲ့ ဓလေ့ကိုလည်း အကဲခတ်ထားပြီးဖြစ်ပါတယ်။ ဒီလိုပဲ တခြားသော ဒေသတွင်းနိုင်ငံပရိသတ်တွေရဲ့ အထာကိုလည်း ကောင်းကောင်းသိနေတာမို့ ထို်င်းလိဂ်ရဲ့ ပုံရိပ်မြင့်တက်လာဖို့၊ အာဆီယံမှာ သူတို့လိဂ်က အကောင်းဆုံးလိဂ်ဆိုတဲ့ ပုံရိပ်ကို ရရှိဖို့အတွက် မြင့်မားတဲ့ခံစားခွင့်တွေ ပေးချေပြီး ဒေသတွင်းအကောင်းဆုံးကစားသမားတွေကို ခေါ်ယူပြီး တည်ဆောက်နေတယ်ဆိုတာပါပဲ။ အခုဆိုရင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက အကောင်းဆုံးကစားသမားတွေကို သူတို့လိဂ်ဆီရောက်အောင် ခေါ်ယူထားနိုင်ခဲ့ပါပြီ။ ဒီလိုပုံစံကိုလည်း ဆက်ပြီးအကောင်အထည်ဖော်နေမှာ သေချာပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒေသတွင်းအကောင်းဆုံးလိဂ်၊ ပရိသတ်စိတ်ဝင်စားမှုကို သိမ်းကျုံးရယူဖို့ဆိုတဲ့ အချက်ကလည်း သေချာပေါက်ကို ဖြစ်လာတော့မှာပါ။ 






က္က