လာမယ့် ဗီယက်နမ်ဆီးဂိမ်းကို ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
Pyae Phyo Thein

၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းမှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု အများဆုံး ဆွတ်ခူးပေးနိုင်ခဲ့တဲ့ အားကစားနည်းကို ပြောပါဆိုရင် ဘိလိယက်နှင့်စနူကာ အားကစားနည်းကိုပဲ ပြရမှာပါ။

ဘိလိယက်နှင့်စနူကာ အားကစားနည်းမှ စုစုပေါင်း ရွှေတံဆိပ် ၂ခု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရာမှာ အားတီက နှစ်ခုစလုံးမှာ ပါဝင်ခဲ့ပါတယ်။ အာတီ(ခ)ဘုန်းမြင့်ကျော်က မြန်မာ့လက်‌ရွေးစင် ဘိလိယက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ ဆီးဂိမ်းက စတင်ပြီး ပါဝင်ထားသမျှ ဆီးဂိမ်း ၃ကြိမ်ဆက် ဆုတံဆိပ်တွေကို ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူပါ။



ယခုအခါ စစ်တပ်က အာဏာသိမ်းမှု ဖြစ်စဥ်အပေါ် သဘောမတူ အားမပေးနိုင်ဘူးလို့ ဆိုပြီး မြန်မာ့ဘိလိယက် လက်ရွေးစင်ကစားသမားအဖြစ်မှ နုတ်ထွက်လိုက်ပြီလို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ရေးသား ဖော်ပြလာပါတယ်။

“အာဏာသိမ်းမှု ဖြစ်ပျက်မှုအပေါ် ပြည်သူတစ်ယောက်အနေနဲ့ရော နိုင်ငံ့တာဝန်ထမ်းဆောင်သူ တစ်ယောက် အနေနဲ့ရော သဘောမတူ အားမပေးသောကြောင့် မြန်မာ့ဘိလိယက်လက်ရွေးစင် အဖြစ် ၂၀၂၁ခုနှစ် ဗီယက်နမ် ဆီးဂိမ်းမှာ ပါဝင်ဖို့ လုပ်ဆောင်ထားတာကို ပယ်ဖျက်ပြီး လက်ရွေးစင်မှ နုတ်ထွက်ကာ ဆန္ဒထုတ်ဖော်ပြသလိုက်ပါ တယ်။”လို့ အားတီး(ခ)ဘုန်းမြင့်ကျော်က ရေးသားဖော်ပြထားပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Duwunက အားတီး(ခ)ဘုန်းမြင့်ကျော်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း ဟုတ်မှန်ကြောင်း အတည်ပြု ပြောလာခဲ့ပါတယ်။ အားတီးဟာ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းမှာ တစ်ဦးချင်း ငွေတံဆိပ်နှင့် နှစ်ယောက်တွဲ ကြေးတံဆိပ်ကိုလည်းကောင်း၊ ၂၀၁၇ မလေးရှား ဆီးဂိမ်းမှာ နှစ်ယောက်တွဲ ငွေတံဆိပ်ကိုလည်းကောင်း၊၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းမှာ နှစ်ယောက် တွဲနှင့် တစ်ဦးချင်း နှစ်ခုစလုံးမှာ ရွှေတံဆိပ်ဆုတွေကိုလည်းကောင်း အသီးသီး ဆွတ်ခူးပေးထားနိုင်တဲ့ နိုင်ငံ့ ဂုဏ် ဆောင် အားကစားသမားတစ်ဦး ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အခုလိုမျိုး လက်ရွေးစင်အဖြစ်မှ နုတ်ထွက်ပြီး ဆန္ဒပြရခြင်းမှာ နိုင်ငံရေးကို နားလည်လို့ မဟုတ်ပဲ ပြည်သူတစ်ယောက်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ နေရတဲ့ အခြေအနေနဲ့ အရင် ငယ်ငယ်က ဖြတ်သန်း ကြီးပြင်းခဲ့တဲ့စစ်အုပ်ချုပ်မှု စစ်အစိုးရနဲ့ တိုင်းတာကြည့်ပြီး ဆုံးဖြတ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“လက်ရှိ မြန်မာပြည် အရမ်းမတိုးတက်သေးပေမယ့် အရင် စစ်အစိုးရ လက်ထက်ထက် စာရင် လက်ရှိ အစိုးရက ပြည်သူတွေအပေါ် အများကြီး ကောင်းပါတယ်။ ဒါကြောင့် စစ်အုပ်ချုပ်မှုအောက်ကို မရောက်ချင်ပါ။ကျွန်တော် ချစ်သော အမိမြန်မာပြည်နှင့် ပြည်သူပြည်သားများကို နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်တော်မူပါ ဘုရား” လို့ အားတီးက ရေးသားဖော်ပြထားပါသေးတယ်။

လက်ရှိ ဖြစ်ပေါ်နေသော စစ်အာဏာသိမ်းမှုအပေါ်မှာ အားကစားသမားများစွာဟာလည်း နယ်ပယ်စုံမှ စစ်အာဏာ သိမ်းမှုကို မလိုလားတဲ့ ဆန္ဒထုတ်ဖော်ပြသမှုတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။ အားတီး(ခ)ဘုန်းမြင့်ကျော်က တော့ စစ်အာဏာသိမ်းမှုကို လက်ရွေးစင်ဘဝနဲ့ရင်းပြီး ဆန္ဒပြတဲ့ ပထမဆုံး မြန်မာ့ လက်ရွေးစင် ကစားသမား ဖြစ်လာ ပါတယ်။


Author


က္က