ဒီနေ့မနက်မှာ သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ပြောဆိုခဲ့တာပါ။

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဦးသန်းတိုးအောင်က သူ့ရဲ လူမှုကွန်ရက်ကတဆင့် Civil Disobedience Movement တွင် ပါဝင်ခဲ့ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။ မြန်မာပရိသတ်တွေရဲ့ အရူးအမူးအားပေးခြင်းကို ရရှိခဲ့ဖူးတဲ့ ဦးသန်းတိုးအောင်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဒုတိယအမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ 

စက်မှုတက္ကသိုလ်ဘွဲ့ရ အင်ဂျင်နီယာတစ်ဦးလည်းဖြစ်သလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့ ဦးသန်းတိုးအောင်က CDM လှုပ်ရှားမှုမှာ သူလည်း ပါဝင်ခဲ့ပြီလို့ ဒီနေ့မနက်ပိုင်းကပဲ အသိပေးခဲ့တာဖြစ်ပါတယ်။ 



မြန်မာ့ဘောလုံးငွေခေတ်ရဲ့ အကျော်ကြားဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသင်းဖော်ဟောင်း မျိုးလှိုင်ဝင်းနဲ့တွဲဖက်အဖြစ် လူသိများထင်ရှားခဲ့သူလည်းဖြစ်ပါတယ်။ အာရှအဆင့်မီ ကစားသမားတစ်ဦးလို့လည်း တင်စားခံခဲ့ရဖူးသူဖြစ်ပြီး အာဆီယံဒေသတွင်းမှာ ပြိုင်ဘက်တွေရဲ့ လေးစားမှုကို ခံယူခဲ့ရတဲ့ ကစားသမားဟောင်းတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။ 

"ကျွန်တော်သည် ယခုလက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော စစ်အာဏာရှင်၏ အတင်းအဓမ္မအာဏာသိမ်းယူခြင်းနှင့် လက်ရှိတည်ဆဲအစိုးရကို ထိန်းချုပ်ပြီး ဥပဒေနည်းလမ်းမကျအစိုးရသစ်ဖွဲ့စည်းခြင်းကို ကန့်ကွက်ပါသည်။ ထို့ကြောင့် ကျွန်တော် ဦးသန်းတိုးအောင်သည် Civil Disobedience Movement တွင် ပါဝင်သွားပါမည်။

Civil Disobedience Campaign ကို တက်ကြွစွာလေးစားဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းများကို လေးစားဂုဏ်ပြုပြီး အတူတကွရပ်တည်ပေးသွားပါမည်။ အခြားသော ပြည်သူ့ဝန်ထမ်းများကအားလည်း ယခု Civil Disobedience Movement တွင် ပါဝင်ခြင်းဖြင့် စစ်အာဏာရှင်ယန္တရားရပ်တန့်ရေးတွင် ပါဝင်အားဖြည့်ပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်" လို့ ဦးသန်းတိုးအောင်က သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပြောဆိုခဲ့ပါတယ်။ 

ဒီနေ့မှာဆိုရင်တော့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့ အထွေထွေသပိတ်ကြီးစတင်တာ ၃ ရက်မြောက်နေ့ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ကြီးအသီးသီးမှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသနေကြတာ ဖြစ်ပါတယ်။ 



က္က