Duwun

စစ်ကိုင်းမြို့မှာ အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေး မှူးအသစ်ကို အလိုမရှိတာကြောင့် ယခင်ကရပ်ကွက်ရုံးကိုလှူထားတဲ့ လော်စပီကာကိုပါ ပြန်လည်ဖြုတ်ယူခဲ့တဲ့အပြင် အုပ် ချုပ်ရေး မှူးအသစ်ကိုလက်မခံကြောင်း ရပ်ကွက်နေပြည်သူလူထုက ဆန္ဒပြ ခဲ့ကြတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီခန့်လိုက်တဲ့ စစ်ကိုင်းမြို့၊စိန်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးအသစ်ကို အလိုမရှိကြောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်ရုံးရှေ့သွားရောက်ကာ သံပုံးတီးပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ် ။



"အရင်အုပ်ချုပ်ရေးမှူးက စစ်အစိုးရအောက်မှာမလုပ်ဘူးဆိုပြီးထွက်သွားပြီ။ဒါပေမယ့် ရပ်ကွက်က အရင်ပြည်သူ့အစိုးရခန့်ထားတဲ့အုပ်မှူးကိုပဲ သတ်မှတ်တယ်။ အခုစစ်တပ်ကခန့်တဲ့ အုပ်ချုပ်ရေးမှုး အသစ်ကိုလက်မခံဘူး။ ဒါကြောင့် အရင်အုပ်မှူးတုန်းက ရပ်ကွက်ရုံးကိုလှူထားတဲ့ လော်စပီကာကို ပြန်ယူတယ်။ သူ့ကိုလက်မခံကြောင်းကိုလည်း ဒီနေ့ဆန္ဒပြတာဖြစ်တယ်"လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

နောက်ပြီး ရပ်ကွက်ရုံးမှာ လှူဒါန်းထားတဲ့ လော်စပီကာကိုတော့ အလှူရှင်က ဖေဖော််ဝါရီလ ၂၂ ရက်နေ့မှာ ရပ်ကွက်ရုံးကနေ ပြန်လည်ဖြုတ်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ စစ်ကိုင်းမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးတွေကို ‌ တာဝန်ကနေ ရပ်နားခဲ့ပြီး အုပ်ချုပ်ရေးမှူးအသစ်တွေကို ခန့်အပ်တာဝန်ပေးထားတယ်လို့သိရပါတယ်။
ဒါပေမယ့် ရပ်ကွက်တွင်းနေထိုင်သူတွေကတော့လက်ရှိ အာဏာသိမ်းအစိုးရက ခန့်အပ်လိုက်တဲ့ စိန်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူကို လက်မခံဘဲ ယခင်ပြည်သူ့အစိုးရလက်ထက်မှာ ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးချစ်မိုးကိိုသာ အုပ်ချုပ်ရေးမှုး အဖြစ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Author


က္က