ပရိုလိုင်စင်အောင်ဖို့ အနည်းဆုံး ၁ နှစ်လောက်ကြာမှာ ဖြစ်သလို သင်တန်းအတွက်ကလည်း ခန့်မှန်းခြေ မြန်မာငွေ သိန်း ၂၀၀ နဲ့ ၃၀၀ ကြားလောက် ကုန်ကျမယ်လို့သိရပါတယ်။
ပရော်ဖက်ရှင်နယ် ကလပ်အသင်းတွေရဲ့ နည်းပြချုပ်တွေအနေနဲ့ ၂၀၂၀ ခုနှစ်က စတင်ပြီး ပရိုလိုင်စင်ရှိမှ တာဝန်ယူဆောင်ရွက်ခွင့်ရတော့မယ်လို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်က ပြော ထားပါတယ်။
ပရိုလိုင်စင်သင်တန်းအတွက် ကုန်ကျစရိတ်က မြန်မာငွေ ခန့်မှန်းကုန်ကျစရိတ် သိန်း ၂၀၀ နဲ့ သိန်း ၃၀၀ ကြားမှာ ရှိတာကြောင့် မြန်မာနည်းပြတွေအတွက်သင်တန်းတက်ရောက်ဖို့နဲ့ လုပ်ငန်းခွင်ပြန်ဝင်နိုင်ခွင့် နည်းပါးမှုကြောင့် တက်ရောက်သင်ကြားဖို့ အခက်တွေ့နေတယ်လို့လည်း ရန်ကုန်ယူနိုက်တက် နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောဖူးပါတယ်။
အခုချိန်မှာတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ မစ္စတာ အဲရစ်ဦးဆောင်တဲ့ နည်းစနစ်ဒါ ရိုက်တာ အဖွဲ့က လာမယ့် ၂၀၂၂ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ ပရိုလိုင်စင်သင်တန်း ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းဆောင် ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“ကျွန်တော်တို့ ဒါကို မြန်မာနိုင်ငံအတွက် လုပ်ကို လုပ်ရပါမယ်။ နည်းပြကောင်းတွေ မရှိပဲ ကစားသမားကောင်း တွေ ရှိမလာနိုင်ပါဘူး။ဖော်ဆောင်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့တော့ လိုပါလိမ့်မယ်။ အခု မြန်မာနိုင်ငံမှာ ပရိုလိုင်စင်မဖြစ်မနေ ရယူဖို့လိုတဲ့ အကြောင်းရင်းတွေ ပေါ်လာပါပြီ။ ဒီအပေါ်မှာ သင်တန်း တက်ရောက်နိုင်ဖို့ မြန်မာနိုင်ငံကို သင်တန်း လာရောက်ဖွင့်ပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။” လို့ မစ္စတာ အဲရစ်က ပြောခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေရဲ့ နည်းပြချုပ်တွေအနေနဲ့ မဖြစ်မနေ ပရိုလိုင်စင်ရှိရ တော့မှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပရိုလိုင်စင် အောင်မြင်ထားသူ တစ်ဦးမျှ မရှိတာကြောင့် ဒီ စည်းမျဉ်းကို နောက်ဆုတ်ပေးနိုင်ဖို့ အေအက်ဖ်စီကို တင်ပြထားတယ်လို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အ ရာရှိချုပ် ဦးစိုးမိုးကျော်က ပြောပါတယ်။
“ကျွန်တော်တို့ သတ်မှတ်ချက်ကို နောက်ဆုတ်ပေးနိုင်ဖို့ တင်ပြထားပါတယ်။ ကျွန်တော်တို့ဆီမှာ ၂၀၂၂ ခုနှစ်ကျရင်တော့ ပရိုလိုင်စင်သင်တန်း လာရောက်ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။လော လောဆယ်မှာတော့ ပရိုလိုင်စင်သင်တန်းက ဈေးကြီးတာရော၊အဆင့်မြင့်တာရောကြောင့် မြန်မာနိုင်ငံမှာ ဘယ် သူမှ တက်ရောက်ထားနိုင်ခြင်းမရှိသေးပါဘူး။လာမယ့်နှစ်မှာ စပြောင်းရမယ်ဆိုရင် သေချာပါတယ်၊မြန်မာနေရှင် နယ်လိဂ်ရဲ့ ကလပ်အသင်းတိုင်းကို နိုင်ငံခြားသား နည်းပြတွေသာ ကိုင်တွယ်တာ မြင်ရပါလိမ့်မယ်။” လို့ ဦးစိုး မိုးကျော်က ပြောပါတယ်။
အာရှဘေလုံးအဖွဲ့ချုပ်က ဒီဖက်နှစ်ပိုင်းမှာ သတ်မှတ်ချက်တွေကို မြှင့်တက်လျက်ရှိပြီး လက်ရွေးစင်နည်းပြ တစ်ယောက်ဟာလည်း အနည်းဆုံး (A) လိုင်စင်ကိုင်ဆောင်ထားနိုင်သူ ဖြစ်ရမယ်လို့ ဆိုတာကြောင့် (B)လိုင် စင်သာ ကိုင်ဆောင်ထားနိုင်တဲ့ မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ဦးကြည်လွင်ကို ယူအီးအက်ဖ်အေ ပရို လိုင်စင် ကိုင်ဆောင်ထားတဲ့ ဘူဂေးရီးယားလူမျိုး နည်းပြ ဗီလီဇာ ပိုပေါ့နဲ့ အစားထိုး လဲလှယ်လိုက်ရတဲ့ အဖြစ် ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရှိထားပါတယ်။
ဒီနှစ်မှာတော့ မြန်မာနေရှင်နယ်လိဂ်မှာ ပြည်တွင်းနည်းပြတွေကိုသာ တွေ့ရပြီး အသင်းတိုင်းကလည်း ဘတ် ဂျက်လျော့ချနိုင်ဖို့အတွက် ကစားသမားသာမက နည်းပြပိုင်းကိုပါ ကန့်သတ်လာတာတွေ့ရပါတယ်။ ဒီအခြေအနေမှာ အေအက်ဖ်စီရဲ့ သတ်မှတ်ချက်အရ ပရိုလိုင်စင်ရှိသူသာ နည်းပြချုပ်အဖြစ် ကိုင်တွယ်ရ တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ လက်ရှိ နည်းပြချုပ် တာဝန်ထမ်းဆောင်နေတဲ့ နည်းပြတွေ အလုပ်က ထွက် ရပါတော့မယ်။
သူတို့နေရာကို အစားထိုးရမယ့် နိုင်ငံခြားသားနည်းပြတွေကို ကလပ်အသင်းတွေက ငွေကြေး များစွာ ပေးချေပြီး ခေါ်ရပါတောမယ်။ ဒီလိုမှ မဟုတ်ဖူး ဆိုရင်တော့ အေအက်ဖ်စီက သတ်မှတ်ထားတဲ့ နိုင်ငံ တကာ ပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ပဲ မြန်မာနေရှင်နယ်လိဂ်ရဲ့ ဆီဒင် အဆင့်သတ်မှတ် ချက်ဟာလည်း နိမ့်ပါးလားပြီး လိဂ်ရဲ့ ရပ်တည်မှုကို များစွာ ထိခိုက်လာနိုင်ပါတယ်။
Share