ဧရာဝတီအသင်းမကစားခင် အဆင့် ၂ နေရာကို တက်လှမ်းခဲ့ပါတယ်။
Pyae Phyo Thein

ဒီနေ့မှာပြန်လည်စတင်ခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၀ မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းဟာ မကွေးကို ဂိုးပြတ်အနိုင်ယူပြီး ကိုဗစ်ကာလအတွင်းရပ်နားထားခဲ့ပြီး ပြန်လည်ကစားခဲ့တဲ့ ပထမဆုံးပွဲမှာပဲ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ YUSC မှာ ကစားခဲ့တဲ့ပွဲစဉ်ကို ရန်ကုန်က အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပြီး လူငယ်အများစုပါဝင်တဲ့ မကွေးအသင်းကို အသာစီးရယူခဲ့တာပါ။ 


မကွေးအနေနဲ့ ပွဲကစားချိန် ၁၅ မိနစ်လောက်အထိပဲ ရန်ကုန်ကို အပြန်အလှန်ကစားနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ရန်ကုန်က ကစားကွက်အသာစီးရကာ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူရန်နိုင်ဦးကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာ အီမန်နူရယ် နဲ့ ဘာဖိုအတွဲကိုတင်ထားခဲ့ပြီး မောင်မောင်လွင်က ပုံမှန်ကစားနေကျနေရာမှာ ကစားခဲ့ပါတယ်။ 

၂၆ မိနစ်မှာ ဘာဖို၊ ၄၁ မိနစ်မှာ မောင်မောင်လွင် နဲ့ ၄၅ မိနစ်မှာ အီမန်နူရယ်တို့က ဂိုးတွေသွင်းယူပေးခဲ့ကြပါတယ်။ မကွေးတိုက်စစ်မှာ ပြည်မိုး ရုန်းကန်ခဲ့ရပြီး နိုင်နိုင်ထွန်းတစ်ဦးတည်းနဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ ရန်ကုန်ခံစစ်ပိုင်းက ဖိအားတွေသိပ်မရှိခဲ့ဘဲ သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပြီး အလွယ်တကူပဲ ထိန်းချုပ်သွားခဲ့ပါတယ်။ 


ဒုတိယပိုင်းမှာလည်း ရန်ကုန်ကပဲ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့ သူတို့စိတ်ကြိုက်ကစားနိုင်ခဲ့ပါတယ်။ မကွေးအနေနဲ့ ကစားကွက်ရော၊ ကစားအားပါ ကျဆင်းခဲ့ပြီး ရန်ကုန်ကို ဘယ်လိုမှယှဉ်မရခဲ့တော့ပါဘူး။ ရန်ကုန်အနေနဲ့ ဂိုးဘယ်လောက်ထိသွင်းနိုင်မလဲဆိုတာကို စောင့်ကြည့်နေခဲ့ရပြီးတော့ ၇၁ မိနစ်မှသာ ကြည်လင်းနဲ့ မောင်မောင်လွင်တို့ရဲ့ နားလည်မှုရှိရှိအတွဲအဖက်ကတဆင့် မောင်မောင်လွင်ဖန်တီးပေးတာကို ရန်ပိုင်စိုးက အနီးကပ်ပိတ်သွင်ပြီး စတုတ္ထမြောက်ဂိုးကို ရယူခဲ့ပါတယ်။ 

ရန်ကုန်ကတော့ အဲဒီနောက်မှာ လူစားလဲမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး ဂိုးတွေရသလောက်သွင်းဖို့ အားထုတ်ခဲ့ပါတယ်။ အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် ရန်ကုန်ကစားသမားတွေ အသုံးမချနိုင်ခဲ့လို့ နောက်ထပ်ဂိုးတွေရရှိဖို့ ဝေးကွာနေခဲ့ပြီး ၈၂ မိနစ်မှသာ ကြည်လင်းက အနီးကပ်အပြင်းကန်သွင်းပြီး ၅ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၉၀ အရောက်မှာ ကြည်လင်းက နောက်ထပ်တစ်ဂိုးထပ်သွင်းပြီး ၆-၀ ရလဒ်ဖြစ်သွားခဲ့ပါတယ်။ 


ပွဲအပြီးမှာတော့ ရန်ကုန်က မကွေးကို ၆-၀ နဲ့ အနိုင်ယူကာ သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် ရန်ကုန်ဟာ ရမှတ် ၁၇ မှတ်ရရှိခဲ့ပြီး ဧရာဝတီအသင်းမကစားရသေးခင်မှာ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ 


Author


က္က