ဂျော်ဒန်အသင်းက ပင်နယ်တီ ၂ လုံးဆက်တိုက်လွဲချော်ခဲ့ပါတယ်။
Kg Htet

ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှာ အာရှဖလား ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျော်ဒန်နဲ့ ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ ဗီယက်နမ်အသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ကြပြီး ဂျော်ဒန်အသင်းက ကစားကွက် ပုံဖော်ပြီး အသာစီးရယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီး ၃၉ မိနစ်မှာ ဘာဟားအဗ္ဗဒူရာမန်က ဂျော်ဒန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။



ဒုတိယပိုင်းမှာ ဗီယက်နမ်အသင်းက ဂျော်ဒန်အသင်းဘက်ကို ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့ တရကြမ်းတိုက်စစ်ဆင်ကစားလာခဲ့ပြီး ဂျော်ဒန်အသင်းဟာ ဗီယက်နမ်ရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။

ဗီယက်နမ်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဂျော်ဒန်အသင်းဂိုးပေါက်ကို မကြာခဏ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၅၁ မိနစ်မှာ ငုယင်ကွမ်ဖောင်က ဗီယက်နမ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဂျော်ဒန်အသင်းရဲ့ ကစားကွက်ဟာ ခံစစ်သက်သက်ဖြစ်သွားခဲ့ပါတယ်။

ခံစစ်ဖြစ်သွားတဲ့ ဂျော်ဒန်အသင်းကို ဗီယက်နမ်အသင်းက တိုက်စစ်မြှင့်တင်ပြီး ဂိုးပေါက်ကန်သွင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့် ဂျော်ဒန်ဂိုးသမားနဲ့ နောက်ခံကစားသမားတွေ ကာကွယ်နိုင်ခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ တစ်ဖက် ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာ တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး ဦးဆောင်ဂိုး ရရှိဖို့ ရေကုန်ရေခမ်းကြိုးပမ်းခဲ့ကြပါတယ်။ အချိန်ပို ဒုတိယပိုင်းအထိ နှစ်ဖက်စလုံး ဦးဆောင်ဂိုး မသွင်းယူနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြရာ ဗီယက်နမ်အသင်းက ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က